ဇာတ်သိမ်းပိုင်း

19K 1.4K 63
                                    

မိုးနံ့ပါသော လေညင်းသည် ဖြည်းညင်းစွာ တိုက်ခတ်နေသည်။ ထွန်းတောက်နွေးထွေးသော နေရောင်ခြည်သည် အစိမ်းရောင်နှင့် အဝါရောင်ရောသော သံလွင်ရွက်ငယ်များပေါ်သို့ ဖြာကျနေသည်။ ယမန်နေ့ညမှ ရွာချထားခဲ့သော မိုးရေတင်ကျန်နေသည့် သံလွင်ရွက်များသည် လေအဝှေ့တိုင်းတွင် ရေမှုန်ရေဖွားများကို ဖွားခနဲဖြာချပက်ဖြန်းပေးနေသည်။ ထိုရေမှုန်ရေစက်များနှင့်အတူ သံလွင်ရွက်ဝါတစ်ချို့သည်လည်း မြေပြင်ပေါ်သို့ ရောပါဆင်းသက်လာနေကြသည်။

ကြီးမားတုတ်ခိုင်သော သံလွင်မြစ်များနားတွင် အစိမ်းရောင်ရေညှိပင်ငယ်များ ကပ်တွယ်ပေါက်နေသော ကျောက်တုံးကြီးတစ်ခုရှိသည်။ ထိုကျောက်တုံးပေါ်တွင် အမည်းရောင်ဆံပင်လိပ်ခွေများကို စည်းနှောင်ထားသည့် လူသား လူငယ်တစ်ယောက် ရှိနေသည်။

လူငယ်၏ ထူထဲဖြောင့်စင်းသော မျက်ခုံးများအောက်မှ အညိုရောင်မျက်လုံးများသည် ကြည်လင်တောက်ပလွန်းလှသည်။ ဖြောင့်တန်းသော နှာတံအောက်မှ အပေါ်နှုတ်ခမ်းများသည် မျဉ်းဖြောင့်တစ်စင်းပမာ ထင်စရာရှိသော အောက်နှုတ်ခမ်းများပေါ် စေ့ပိတ်ထားသည်။ ခန့်ထည်သောမေးရိုးနှင့် ပြတ်သားသော မျက်နှာအကျသည် နတ်ဘုရားတစ်ပါးလို လှပပုံကျလွန်းနေသည်။

အဖြူရောင် ခိုငယ်မောင်နှံတစ်စုံသည် လူငယ်ရှိရာနှင့် မလှမ်းမကမ်း မြက်ခင်းပြင်တွင် ငြိမ်းချမ်းစွာ အစာကောက်နေကြသည်။ ရောင်စုံလိပ်ပြာငယ်များနှင့် ပိုးကောင်ငယ်များသည် မြက်ခင်းပေါ်ရှိ ပွင့်ဖတ်သုံးခုနှင့် စွင့်ကားစွာ ဖူးပွင့်နေသော အနီရောင် ပန်းပွင့်ငယ်များကြား ကူးခတ်ပျံသန်းနေကြသည်။

ကြည်လင်တောက်ပသော ကောင်းကင်မြင့်တွင် ကြီးမားလှသည့် အညိုနှင့်အဖြူ ရောင် သိမ်းငှက်ကြီးတစ်ကောင် ဝဲပျံနေသည်။ လူငယ်သည် သိမ်းငှက်ကြီးရှိရာသို့ သူ၏လက်တစ်ဖက်ကို ဆန့်တန်းပေးလာသည်တွင် သိမ်းငှက်ကြီးသည် မြေပြင်သို့ထိုးဆင်းလာခဲ့ပြီး လူငယ်၏ ပခုံးပေါ် ဆင်းသက်နားလာခဲ့သည်။

"ဒန်နရယ် ဘယ်ရောက်နေလဲ ပီဆို.. မင်းသိလား..."

လူငယ်သည် အခြားလက်တစ်ဖက်ဖြင့် သိမ်းငှက်ကြီး၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း ခပ်တိုးတိုးမေးနေသည်။ သိမ်းငှက်ကြီးသည် နောက်တစ်ကြိမ် အသံပြုလာခဲ့သည်။ လူငယ်မှာ သူ့ပခုံးထက်မှ သိမ်းငှက်ကြီးကို လှည့်ကြည့်ရင်း ခေါင်းကိုခါကာ ပြုံးလိုက်သည်။

Black AngelWhere stories live. Discover now