Part 9 (Unicode)

9.2K 1K 3
                                    

ဖရက်ဒီ မျက်စိကိုမှိတ်ပြီး ကျောက်ဂူအတွင်းမှ ရေစက်ကျသံများကို ငြိမ်သက်စွာ နားထောင်နေမိသည်။ အနိမ့်အမြင့်မတူညီသော ရေစက်ကျသံများသည် တိတ်ဆိတ်နေသော ကျောက်ဂူထဲတွင် သာယာနားပျော်ဖွယ်ကောင်းသော ဂီတသံများကို ဖန်တီးပေးနေသည်။

ဒန်နရယ်သည် သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အိပ်မောကျနေပြီဖြစ်သည်။ တိုးညင်းသော အသက်ရှူသံနှင့် ခပ်မှန်မှန် နှလုံးခုန်သံတစ်ခုသည် ရေစက်ဂီတသံများနှင့်ပေါင်းစည်းကာ လှပလွန်းသော သံစဉ်တစ်ခုကို ဖြစ်ပေါ်နေစေသည်။ လောင်ကျွမ်းငြိမ်းသက်သွားပြီဖြစ်သော မီးပုံငယ်မှ နှစ်လိုဖွယ် ထင်းရှူးသားနံ့နှင့်အတူ အေးချမ်းနွေးထွေးသော အသိတစ်ခုက ဖရက်ဒီ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။

ထိုအချိန်မှာ...

မှိတ်ထားသော ဖရက်ဒီ၏ မျက်လုံးများမှာ ရုတ်တရက်ပွင့်လာကာ အန္တရာယ်တစ်ခု၏ အနံ့ကိုရလိုက်သလို ရဲရဲနီသွားသည်။ မည်းမှောင်နေသော အတောင်ပံတစ်စုံ သူတို့ရှိရာ ကျောက်ဆောင်ထက် ကောင်းကင်မှာ ရှိနေသည်။

ဂေါဒနတ်ဆိုး ပြန်လာပြီဖြစ်သည်။ ကြောက်မက်ဖွယ်ရာ ခေါင်းသုံးလုံးမှ မျက်လုံးနီများမှာ ပြူးကျယ်နေပြီး ကျောက်ဆောင်များကို ပတ်ချာလည်ကြည့်ကာ ကောင်းကင်မှ ဆင်းလာနေသည်။ သွေးစက်လက်ကျနေသော လက်ပြတ်တစ်ခုကို ကိုင်ထားပြီး ချိုင့်ဝှမ်းအတွင်းရောက်သည်နှင့် အဘိုးအိုမာစီရှိရာ ဂူပေါက်ဝမှာ ခုန်ဆင်းရပ်တန့်လိုက်သည်။ မြေစိုင်မြေခဲများနှင့် ကျောက်တုံးကျောက်ခဲငယ်များမှာ ကိုင်ပေါက်ခံလိုက်ရသည့်အလား နတ်ဆိုးခြေရင်းမှ အဝေးသို့ လွင့်စင်သွားကြသည်။

"မာစီ.. ဟေ့ အဘိုးကြီး.."

ဂေါဒ၏ အလယ်ခေါင်းမှ နီရဲနေသော လျှာတစ်လစ်ထုတ်ကာ လက်ပြက်မှ သွေးစက်များကို ကြံတစ်ချောင်းလို စုပ်ယူလိုက်ပြီး အဘိုးအိုကို အသံသြကြီးဖြင့် လှမ်းခေါ်နေသည်။ သိပ်မကြာခင်မှာပင် ဂူပေါက်ဝမှာ အိပ်ချင်မူးတူးပုံနှင့် အဘိုးအိုမာစီ ထွက်ပေါ်လာသည်။

Black AngelWhere stories live. Discover now