ဖြည်းညှင်းစွာ ပွင့်လာကြသော ဒန်နရယ်၏ လင်းလက်သော အပြာရောင်မျက်လုံးများသည် မောပန်းခြောက်ခြားစရာ ကောင်းလွန်းသော အိပ်မက်ဆိုးတစ်ခုမှ နိုးထလာရသလို နွမ်းနယ်နေသည်။
သဲမှုန်တစ်မှုန်၏ ရွေ့လျားသံသည် သူ့နားထဲတွင် ပီပြင်စွာ ကြားနေရသလို တစ်လောကလုံးမှ လူသားများ၏ ငိုကြွေးဆုတောင်းသံများ၊ အော်ဟစ်တောင်းပန်သံများသည် အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာနေသည်။ ကမ္ဘာမြေပြင်၏ အခြားတစ်ဖက်ခြမ်းတွင်ရှိနေသော ကျောက်ခဲတစ်လုံး၏ ရွေ့လျားမှုကို ဒန်နရယ် မြင်နေရသလို မြေအောက်ငရဲမှ တိုးထွက်လာနေကြသော နတ်ဆိုးကောင်များအားလုံးကိုလည်း တွေ့နေရသည်။
သူ့ရင်ခွင်ထဲမှ အေးစက်နေသော ဖရက်ဒီ၏ကိုယ်ခန္ဓာတစ်ခုသည်လည်း တဖြည်းဖြည်းဖျော့တော့ပျောက်ကွယ်လာနေသည်ကိုလည်း ခြောက်ခြားစွာ နားလည်လိုက်ရသည်။
"သခင်... ကျွန်တော်မျိုးတောင်းပန်ပါတယ်.. စေတန်နတ်ကို အခုတားမှမတားရင် အရမ်းနောက်ကျသွားလိမ့်မယ်.."
ရေနတ်သားသည် ဒန်နရယ့်ရှေ့တွင် ဒူးထောက်ကာ အလောတကြီးပြောနေသည်။ ခေါ်သံကိုကြားပေမယ့် သူ့ရင်ခွင်ထဲမှ ဖရက်ဒီ့ကိုသာ ဒန်နရယ် တင်းကြပ်စွာ ပွေ့ထားဆဲဖြစ်သည်။ အကြိမ်ပေါင်းများစွာ သူ့ကိုယ်ခန္ဓာထဲမှ တန်ခိုးအင်အားများကို ဖရက်ဒီ့ထံ ပြန်လည်ပေးအပ်ရန် ကြိုးစားသော်လည်း လုံးဝထူးခြားမှုမရှိ။
ရေနတ်သားဘေးတွင်ရှိနေသော နတ်ဘုရားမနှင့် အင်အားမရှိသော နေနတ်သားတို့၏ စိုးရိမ်စွာ စိုက်ကြည့်လာနေသော အကြည့်များကို ဒန်နရယ်နောက်လှည့်ကြည့်မနေပေမယ့် မြင်နေရသည်။
"သခင်.. ကျွန်တော်မျိုးတောင်းပန်ပါတယ်..."
နေနတ်သားသည်လည်း ရှိသည့်နေရာတွင် ဒူးထောက်တောင်းပန်နေသည်။ ဖျော့တော့သော သူ့မျက်နှာသည်လည်း ပူပန်စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေသည်။
"ဒန်နရယ်.."
ရုတ်တရက် သူ့ရှေ့တွင် ရပ်လာသော နတ်ဘုရားမကို ဒန်နရယ် နာကြည်းစွာ မော့ကြည့်လိုက်သည်။ ချောမောလွန်းလှသော နတ်ဘုရားမ၏ မျက်လုံးပြာများသည် ဝေ့၀ဲနေသော မျက်ရည်ကြည်များရှိနေသည်။ ဖြူ နုလှပလွန်းသော မျက်နှာပြင်သည် ဖြူဖျော့နေသည်။ နတ်ဘုရားမသည်လည်း ဒန်နရယ့်ရှေ့တွင် ညင်သာစွာ ဒူးထောက်လာခဲ့သည်။
YOU ARE READING
Black Angel
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee