Part 8

20.6K 1.9K 45
                                    

မြင့်မားသော ကျောက်ဆောင်များထက်မှ ရေတံခွန်တစ်ခုက အရှိန်ပြင်းစွာ ကျဆင်းလျက်ရှိသည်။

သစ်ပင်ခြုံနွယ်များနှင့် ပြည့်နှက်နေသော ကျောက်ဆောင်မြင့်များကာရံထားသည့် ချိုင့်ဝှမ်းတစ်ခုထဲတွင် ရေတံခွန်ကျသံနှင့်အတူ ကျေးငှက်များ၏ သာယာစွာတေးဆိုသံများက ပျံ့လွင့်လို့နေသည်။ ရေတံခွန်မှ စီးဆင်းနေသော ရေမှုန်ရေမွှားများကြားတွင် နီဝါပြာရောင်စုံ သန့်တန့်တစ်ခု လှပစွာဖြစ်ထွန်းနေသည်။

ရေတံခွန်အောက်တွင် ရေတံခွန်မှစီးကျလာသော ရေအရှိန်ကို ကြိုလင့်နေသည့် ရေကြည်ကန်တစ်ခုရှိနေသည်။ ကန်ရေသည် မှန်ချပ်တစ်ခုလို ပတ်ဝန်းကျင်မှ သစ်ပင်ခြုံနွမယ်များကို ရောင်ပြန်ဟပ်နေသည်အထိ စိမ်းလဲ့ကြည်လင်နေသည်။ ရေအောက်မှ ရေမှော်စိမ်းများနှင့် ကျောက်ခဲငယ်များကိုလည်း မှန်ချပ်တစ်ခုသာခြားထားသလို ထင်ရှားစွာမြင်နေရသည်။ နီဝါခရမ်းရောင်စုံ တောရိုင်းပန်းများက ကန်ပတ်လည်ကိုဝိုင်းကာ လှပစွာဖူးပွင့်နေကြသည်။

ဖြူဖွေးသော ရေတံခွန်..

ကြည်လင်သော ရေကန်ငယ်..

စိမ်းညို့သောသစ်ပင်ခြုံနွယ်များ...

ပတ်ဝန်းကျင်တစ်ခုလုံး လှပသောကဗျာတစ်ပုဒ်လို သာယာလွန်းလှသည်။

ထိုရေကန်ထဲတွင်မူ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်ရှိနေသည်။ ခန့်ညားချောမောလှသည့် မျက်နှာပိုင်ရှင်လူငယ်သည် နတ်ဘုရားတစ်ပါးနှယ် ထည်ဝါလွန်းနေသည်။

အပြုံးအရယ်မရှိသော မျက်နှာကြောင့်သာ ထိုလူငယ်၏ချောမောမှုတွင် ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခု ရောယှက်နေသည်။

လူငယ်၏ ရေစိုနေသော လှိုင်းတွန့်နေသော ဆံပင်နက်များမှာ ကန်ရေထဲတွင် ရှည်လျားစွာ ကွေ့ဝိုက်ကျနေသည်။ အနက်ရောင်ဟူသော်လည်း အလယ်ခွဲထားသည့် ဆံပင်နက်များတွင် ရွှေရောင် ဆံပင်လိုင်းတစ်ချို့ ရှိနေသည်။

ထိုလူငယ်သည် တန်ခိုးကြီးလှသော စေတန်၏ တစ်ဦးတည်းသောသားဖြစ်သည့် ဖရက်ဒီပင်ဖြစ်သည်။

Black AngelWhere stories live. Discover now