Part 14 (Unicode)

7.8K 955 26
                                    

ဖရက်ဒီ၏ မျက်လုံးများ ပွင့်လာချိန်တွင် ဖျော့တော့သော အလင်းရောင်တစ်ချို့ မြေအောက်ခန်းထဲသို့ တိုးဝင်လာနေပြီဖြစ်သည်။ သူ့လက်များနှင့်ခြေထောက်များသည် နွယ်ကြိုးများနှင့် တင်းကြပ်စွာ တုပ်နှောင်ခံထားရဆဲဖြစ်သည်။ တစ်ကိုယ်လုံးရှိ ဒဏ်ရာပေါင်းများစွာမှ နာကျင်မှုများကို တစ်ပြိုင်နက်တည်းလိုလို ခံစားလိုက်ရ၍ မျက်စိကိုပြန်ပိတ်လိုက်ကာ နာကျင်မှုဖျော့တော့သွားနိုင်မည့် အချိန်တစ်ခုကို အချည်းနှီးစောင့်စားမိသည်။ တကယ်တော့ သူ့အတွက် သက်သာမည့်အချိန်ဆိုသည်မှာ မရှိတော့။

သူ၏ ဖြူဖွေးသော အသားမှ အနာတစ်ခု အလိုလိုပျောက်ကင်းချိန်တွင် သူ့ကိုယ်ပေါ်တွင် အခြားဒဏ်ရာဆယ်ခု အသစ်ရောက်နေမည်ဖြစ်သည်။ ဒီတော့လည်း ပျောက်ကင်းမည့်အချိန်ထက် သူ့အာရုံကြောများအားလုံးကို အမြဲတမ်းအတွက် အပိုင်သိမ်းထားနိုင်သည့် နာကျင်ခြင်းများနှင့် အတူနေနိုင်ဖို့သာ ကြိုးစားနေရသည်။

တိုးဝင်လာသော နေ့အလင်းရောင်တစ်ခုနှင့်အတူ ရှည်လျားလွန်းမည်ဖြစ်သည့် နောက်ထပ်နေ့ရက်တစ်ရက်ကို ရင်ဆိုင်ရမည်ဖြစ်မှန်း ဖရက်ဒီ စိတ်လေးစွာ တွေးမိသည်။ ငရဲကျသည်ဟူသော စကားကို လူသားများ မကြာခဏပြောဆိုကြကြောင်း မာစီတစ်ခါက သူ့ကိုပြောခဲ့ဖူးသည်။ နတ်ဆိုးများအတွက်လည်း ငရဲသာရှိခဲ့မည်ဆိုလျှင် အခုလက်ရှိ ဖရက်ဒီ၏ အခြေအနေကို အရှင်လတ်လတ် ငရဲကျနေသည်ဟု ပြောနိုင်မည်ဖြစ်သည်။

လူသားများ၏ မြေအောက်ရွာတစ်ရွာရှိ ဆယ်ပေပတ်လည်အခန်းတစ်ခုထဲတွင် စေတန်နတ်၏ တစ်ဦးတည်းသောသားဖြစ်သည့် ဖရက်ဒီဆိုသူသည် လူသားကောင်လေးတစ်ယောက်နှင့် တန်ခိုးကုန်ခါနီး နတ်တစ်ပါး၏ နှိပ်စက်မှုများကို လည်စင်းခံနေရသည်မှာ ရယ်စရာကောင်းနေသည်။ နေ့ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်သည်။ ဘယ်အချိန်ရှိ၍ ဘယ်နေ့ရောက်ပြီကို မသိနိုင်လောက်အောင် သူ အပြင်လောကနှင့် အဆက်အသွယ်မရှိတော့။

အချိန်ရှိတိုင်း ဒန်နရယ်နှင့်တယ်ရာမှာ သူ သတိလစ်မေ့မြောချိန်အထိ နည်းမျိုးစုံသုံးကာ သူ့အသက်ကိုနှုတ်ယူရန် ကြိုးစားကြသည်။ ပုဆိန်၊ ဓါး၊ တုတ်၊ လှံ၊ ကျောက်ခဲ သူတို့မသုံးခဲ့သည့် လက်နက်မရှိတော့။ အကြိမ်ပေါင်းများစွာ၊ အခါပေါင်းများစွာ ဖရက်ဒီ့တစ်ကိုယ်လုံးမှ အရေပြားအားလုံး အကောင်းအတိုင်း မကျန်တော့သည့်အထိ ဇွဲရှိရှိ ကြိုးစားနေကြမြဲဖြစ်သည်။

Black AngelWhere stories live. Discover now