Part 11 (Unicode)

8.7K 966 4
                                    

လှိုင်းကြီးသော ပင်လယ်ပြင်တစ်ခုလို သဲတောင်ပို့များ ပတ်လည်ဝိုင်းနေသော ကန္တာရမြင်ကွင်းသည် တဖြည်းဖြည်း ပြောင်းလဲလာနေသည်။ နူးညံ့သေးဖွဲလှသော သဲမြေများ မရှိတော့။ သဲမှုန်များနှင့်ကျောက်ခဲငယ်များရေယှက်ထားသည့် ကြမ်းတမ်းသော မြေမာတစ်ချို့ရှိရာ ရောက်လာပြီဖြစ်သည်။ အစိမ်းရောင်နှင့် အညိုရောင် ခြောက်သွေ့နေသော ချုံပုတ်ငယ်တစ်ချို့ကိုလည်း မြင်နေရသည်။

သူတို့ညက အိပ်စက်အနားယူရာ အိုအေစစ်ရေကန်ငယ်မှခွာကာ မိုးမလင်းခင်ကတည်းမှ ခရီးဆက်ခဲ့ကြသည်။ ယခု မွန်းတိမ်းချိန်တွင် ပူပြင်းသော သဲကန္တာရ၏ အဆုံးကိုရောက်နေပြီဆိုတာကို ပြောင်းလဲလာသော ပတ်ဝန်းကျင်ကို လှမ်းကြည့်ရုံနှင့် နားလည်နိုင်သည်။ ဒါပေမယ့် ခြောက်သွေ့ပူလောင်မှုကတော့ အနည်းငယ်မှ လျော့နည်းမသွားသလို အစိမ်းရောင်တောအုပ်ငယ်၏ အရိပ်အရောင်ကိုပင် မတွေ့ရ။

သွေးနံ့...

စူးရှပြင်းထန်လွန်းသည့် သွေးနံ့များ...

ပြေးနေသည့်ခြေလှမ်းများကို ဖရက်ဒီ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ မနှစ်မြို့လွန်းသည့် ထိုဆိုးရွားလွန်းလှသည့် သွေးနံ့များက သူ့အာရုံကြောများထဲသို့ တိုးဝင်လာနေသည်။

"ဖရက်.. ဘာဖြစ်လို့လဲ..."

"ငါ သွေးနံ့ရတယ်.."

"သွေးနံ့.. ဟုတ်လား.."

ဒန်နရယ် ဖရက်ဒီ့ကျောပေါ်မှ ခုန်ဆင်းကာ ပတ်ချာလည် လှည့်ကြည့်သည်။ ဘာမှရှိမနေ။ မျက်စိတစ်ဆုံး ဖရဲသီးစိတ်များထောင်ထားသလို အနိမ့်အမြင့်မတူသော ကျောက်နှင့်သဲမာရောသည့် တောင်ကုန်းချွန်များမှလွဲ၍ ဘာဆို ဘာမှမရှိ။

"ငါတို့ တခြားဘက်ကလှည့်သွားမယ် ဒန်နရယ်.."

"ဟင့်အင်း.. ခင်ဗျားသွေးနံ့ရတဲ့နေရာကိုသာသွား.. တကယ်လို့ တစ်ခုခုဆိုရင် ကျွန်တော်တို့ကူညီပေးလို့ရတယ်.."

"ဒါပေမယ့်..."

ဖရက်ဒီရသည့်သွေးနံ့သည် မှုန်ဝါးဝါးမဟုတ်။ လူပေါင်းများစွာ အသတ်ခံထားရသလို ပြင်းထန်စူးရှလှသည့်အကြောင်းကို ဒန်နရယ့်ကိုပြောမထွက်။

Black AngelWhere stories live. Discover now