1

6.9K 479 28
                                    

လေဆိပ်ကိုခြေချမိတော့ မရင်းနှီးသည့်စကားသံတွေကဆီးကြိုသည်။ သည်ဘာသာစကားကိုသင်ထားမိ၍သာတော်သေး၏ ဟုသူတွေးဖြစ်သည်။ တစ်လုံးတည်းသာပါသော ခရီးဆောင်အိတ်ကိုဆွဲယူကာ ရင်းနှီးနေသောမျက်နှာကိုလူတွေကြားထဲလိုက်ရှာမိ၏။

အစ်ကို...ရှင်း......

ပါးချိုင့်နက်တို့ရေးရေးထင်နေသော အစ်ကိုက လေဆိပ်အဝင်တန်းမှာ.သူ့ကိုလက်ယမ်းပြနေသည်။

"ငါနောက်ကျနေပြီထင်တာ...ကွက်တိပါပဲ။"

လက်ထဲက အိတ်ကိုလက်ပြောင်းယူသွားကာ.အစ်ကိုက ပြုံးရင်းဆို၏။ သူခေါင်းငြိမ့်ပြရုံကလွဲ အပိုစကားမဆိုမိပါ။ စိတ်တို့က ဒီမြေကိုခြေချလိုက်တာနဲ့ ချက်ချင်းတင်းကြပ်လာတော့တာမို့။ မလူးသာမလွန့်သာ သူ့အခြေအနေကို အစ်ကို့ကိုလည်းမသိစေချင်ပါ။ နှစ်ဖက်စလုံးကောင်းဖို့လို့ခေါင်းစဉ်တပ်ပြီးစီစဉ်ခဲ့တဲ့ပွဲမှာ သူစိတ်ပါပါ.မပါပါ ဘာမှထပ်ပြီးပြောင်းလဲသွားဖို့မှမရှိပဲ။

ကြွရွနေသော ကားအနက်ရောင်ပေါ်လှမ်းတက်လိုက်သည်။ ပိတ်ချလိုက်သော.တံခါးမှန်ကနေ အပြင်ဘက်ကို သူငေးမိ၏။ စည်းချပြီးသားအနာဂတ်က သူ့ကိုကြိုနှင့်နေပြီ။

....

အဝင်လမ်းဟာ မမြင်ဖူးသော ပန်းအလှပင်တို့နှင့်ပြည့်နှက်နေသည်။ ခပ်ဝေးဝေးမှာလှမ်းမြင်ရသော တောင်ကုန်းမို့မို့ပေါ်က စံအိမ်တော်ဖြူဖြူအုပ်စု။
အုပ်စုလို့ဆိုရခြင်းက ရှေးဘုရင်တွေစံမြန်းခဲ့သည့်နန်းတော်ဆောင်တွေပုံစံ  ကျယ်ပြောသောအိမ်တော်ဝအဆောင်ဆောင်အခန်းခန်းနှင့်ပုံစံကြောင့် ဆိုမိခြင်း။ မြက်ခင်းစိမ်းစိမ်းတို့က အမြဲ သ ခြင်းခံရသဖြင့် နေရောင်အောက်မှာ ရေစက်တို့ရွှန်းကာ တောက်ပြောင်စိုအိနေ၏။ သူ့အလုပ့်ကိုယ့်အလုပ် တကုပ်ကုပ်လုပ်နေကြသော ဥယျာဉ်မှူးတွေအလုပ်သမားတွေနှင့် စံအိမ်တော်ကြီးဟာ အထီးကျန်ပုံတော့မရှိ။ ဒါကိုပဲ..................

"ဆင်းရအောင် ဆယ်ဟွန်း.....မယ်မယ်ကြီးစောင့်နေတယ်။"

ခပ်သုတ်သုတ်ဆင်းကာ အစ်ကိုက ရှေ့မှဦးဆောင်သည်။ ကားပေါ်တစ်ချိန်လုံးငြိမ်ကာ အိပ်လာသောအစ်ကိုရှင်းက အခုတော့ သူနဲ့မတူစွာ ဖျတ်ဖျတ်လတ်လတ်။ အမိုးခုံးလေးတွေအောက်က လမ်းသွယ်သွယ်တစ်လျှောက်မှာ ဖြတ်သွားရတော့ မျက်နှာချင်းဆိုင် ကြုံလာသမျှ အစေခံတွေက ဦးညွတ်၏။ သူမှာစစချင်းမို့ နေမတတ်ထိုင်မတတ်ဖြစ်ရပါသည်။ ဒါဟာ ဟန် အိမ်တော်ရဲ့ စံအိမ်တော်အဝင်လမ်းပဲရှိသေး၏။ မာဖီးယားဂိုဏ်းတွေလိုပုံစံမျိုးကို စံအိမ်ရဲ့တစ်ထောင့်တစ်နေရာမှာ တွေ့ရလိမ့်မည်ဟု ဆယ်ဟွန်းကြိုတွေးထားခဲ့တာ မှန်သွားသည်။ စီးပွားရေးကို ကျားကွက်ရွေ့သလို ရွေ့ကြရသည့်အခါ..ဟန်အိမ်လို လုပ်ငန်းစုကြီးက သူတို့မရှင်းချင်သော ညစ်ပတ်သည့်အလုပ်တွေနဲ့ ကာကွယ်ရေးအလုပ်တွေအတွက် လူ့ဗာလတွေ လက်သပ်မွေးထားတာက အံသြစရာတော့မဟုတ်ပါ။

LovinglyWhere stories live. Discover now