လွင့်သည်။
ဟန်ငယ်ကလေးလွင့်နေသည်။စပျစ်ခင်းတွေ...
တစ်ဖက်ကစတော်ဘယ်ရီခင်း...ဒီဘက်မှာတော့ လိမ္မော်သီးခပ်ကြီးကြီးတွေဝင်းနေသော စိုက်ခင်းတွေ....
"ဝိုး..ဝိုး..."
လေကလေးကလွင့်ကနဲတိုက်တော့ ဆောင်းထားသည့်ကောက်ရိုး ခမောက်ကလေးကို ကဗျာကယာဖမ်းထိန်းသည်။
လက်အမြှောက်မှာ စွပ်ကျယ်ချောင်ကလောင်အောက်က ဗိုက်သားဖွေးဖွေးတွေက လှစ်ကနဲ။ကားမူးတာတွေ..ခေါင်းကိုက်တာတွေ. မရှိတော့ဘူးထင်။
ဒီလိုသွားမယ်လာမယ် ဆိုတာကို အကြံပေးခဲ့တာက ချန်းညောလ်။ အမှန်ဆို ဝိုင်ထုတ်လုပ်သည့်ကုန်ကြမ်းပိုင်းက သူတို့တွေနှင့်မဆိုင်။ အရည်အသွေးမှီ မမှီ အကဲ ဖြတ်သည့်အဆင့်မှာတော့ ချန်းညောလ်ပါသည်။ ဒီနှစ်ဆောင်းအကုန်မှာ ထွက်မည့် နွေဦးထုတ်ကုန်အသစ်အတွက် လုပ်ငန်းချဲ့ဖို့ပြင်တော့ ဝိုင်ထုတ်လုပ်သည့်လုပ်ငန်းကို အဆိုပြုလာကြ၏။ ဒီလုပ်ငန်းက လက်ငုတ်လက်ရင်းအစစ်ဖြစ်ပြီး လက်ရှိ ကုမ္ပဏီနှင့်မသက်ဆိုင်ပဲ လုပ်ငန်းသပ်သပ်တစ်ခုအဖြစ် သူဖယ်ထုတ်ထားခဲ့တာဖြစ်သည်။ ဆားကစ်ပြားတွေ အဖိုငုတ်အမငုတ်တွေကြားထဲ ခေါင်းစိုက်ရတာကြာတော့ ဒီလိုလန်းလန်းဆန်းဆန်းကလေးကို လိုချင်ပြန်တာလည်းပါသည်။
ထို့ထက်ပို.....
သစ်သီးတွေထက်လန်းဆန်းမွှေးကြိုင်နေတာလေးကြောင့် လည်းပါ၏။ကျောင်းမပိတ်ပဲ ခရီးထွက်ရမယ်ဆိုတော့ မျက်နှာကလေးကဆူပုတ်ပုတ်။ မကျေမလည်ဖြစ်ပေမယ့်သူ့ကိုလည်းမလွန်ဆန်နိုင်တဲ့ အိတိအိညောင့်ရုပ်ကလေး။ အထပ်မြင့်အဆောက်အဦးပေါ်မှာ ခြေဆန့်လက်ဆန့်တောင်သိပ်မရှိနိုင်ပဲ မိုဂူနဲ့ပဲ အဖော်လုပ်နေရသည့် ဟန်ငယ့်ကိုသနားတာကြောင့် အတင်းစီစဉ်လိုက်ရခြင်းဖြစ်သည်။
ကြည့်ရတာတော့ပျော်နေတဲ့ပုံပါပဲ။
ပြေးလို့လွှားလို့...
ကလေးဆိုတော့..လည်းး....
ဟန်ငယ်ကအမြင့်ကြောက်သလို ကားလည်းခရီးဝေး စီးလေ့မရှိ။
ခရီးကဝေးတော့ မောင်းချိန် ခုနှစ်နာရီအတွင်းမှာ..အန်တာအကြိမ်ကြိမ်....ကားရပ်နားစခန်းတွေမှာ ဝင်နားတော့ ဘာမှလည်းမစားနိုင်ပဲ..သူ့ရင်ခွင်ထဲပဲ ခေါင်းတိုး၍ဝင်ခွေနေသည်။ ဘေးလူတွေကြည့်တာကိုလည်းသတိမထားနိုင်ပဲ..ရေခွံ့လိုက်...နဖူးသပ်လိုက်နှင့် သူ့မှာတစ်လမ်းလုံး ပိုက်ပိုက်ပွေ့ပွေ့။ နွမ်းဖတ်ရုံမက ညှိုးလျော်လာသည့်မျက်နှာကလေးကြောင့် ခေါ်လာမိတာမှားပြီလားဟုတွေးမိသေးသည်။ တော်ပါသေးရဲ့....ပျော်နေလို့။