ဟင့်.....
အံကိုကြိတ်ကာ မျက်ရည်ဥကြီးတစ်ပေါက်ချင်းကျနေသော ဟန်ငယ်ဟာ အောက်နှုတ်ခမ်းကိုက်ကာနှုတ်ခမ်းမဲ့လျက်သား။
ဘေးထိုင်ခုံမှာ ဟန်ဆောင်ပန်ဆောင်သတင်းစာထိုင်ဖတ်နေပေမဲ့ မျက်လုံးကတော့ မှန်ကတစ်ဆင့်မြင်နေရသည့် အကောင်ငယ်ဆီ ကောက်ကောက်ပါ၏။ ဆယ်ဟွန်းဘေးက ဖန်စားပွဲပေါ်မှာ တိုက်ကလေးသေးသေးရှိ၏။ ထိုတိုက်ထဲမှာ နက်မှောင်ပြောင်အိနေသော ဆံနွယ်ရှည်တို့ အခွေလိုက်နေရာယူထား၏။ ဟန်ငယ့်ကိုဆံပင်ဖြတ်ပေးရတာ တော်ရုံခေါင်းကြိမ်းတာမျိုးမဟုတ်။
အုပ်အုပ်လုံးလုံးလေးဖြစ်သွားသည့်ခေါင်းလေးကိုနောက်ကနေမြင်နေရသည်။ ဟန်ငယ်ကတော့မျက်ရည်ကျလို့ကောင်းဆဲ။ ဆံပင်ညှပ်ပေးနေသည့်အစ်မက တစ်ချက်ကတ်ကြေးကိုင်တိုင်း တစ်ချက်ချော့..ဟန်ငယ်က တစ်ချက်ရှိုက်နှင့် ဟန်ကျနေသည်က အမြင်ကတ်စရာ။
"ကလေးက အငိုသန်တယ်နော်။"
ဟန်ငယ်က အစ်မကို ငိုမဲ့မဲ့ဖြင့်မော့ကြည့်သည်။
အားလုံးပြီးတော့ သူ့ရှေ့ခြေစုံလာရပ်သည့် ဟန်ငယ်က မျက်ဝန်းရွှန်းစိုစိုနှင့်သမင်ငယ်ကလေးလို....နှာခေါင်းထိပ်ကလေးပါရဲလို့။ အတင်းချွတ်ချပြီးဝတ်ပေးခဲ့သည့် Hoodie အသားရောင်က ပွယောင်းယောင်းနှင့်လက်ဖျားတွေကိုပါဖုံးနေသည်။ ရှိသမျှဘောင်းဘီထဲ မျှော့ကြိုးပါသော အားကစားဘောင်းဘီနဲ့သာတော်တာကြောင့် သူ့ထက် ခြေတံလက်တံအတော်ပင်သေးကွေးသော ဟန်ငယ်အား ဘောင်းဘီခြေထောက်ကို ခြေကျင်းဝတ်နားမှာ ခေါက်ထားပေးရသေးသည်။
သတင်းစာကိုခေါက်ပြီးထရပ်လိုက်၏။
"ဘယ်သွားချင်လဲ.....ဘာစားချင်လဲ
....ဘာလုပ်ချင်လဲ..."လိုချင်တာပေးမည် မပြောရုံတမယ် အတည်ကြီးကတိတွေတည်နေသော သူ့ယောကျာ်းကြီးကိုဟန်ငယ်ကြည့်ကာ ကုန်းကိုက်ပစ်ချင်လာသည်။
ဆံပင်ညှပ်မယ်ဆိုပြီးခေါ်ချလာတော့ ဖြစ်ချင်တာပြော လုပ်ပေးမယ် ဆံပင်ညှပ်ရအောင်ဆိုပြီး ကားပေါ်အတင်းဆွဲခေါ်လာသည်။ သဘောမတူမှန်းသိအောင် ဖြစ်ညစ်ပြီး မျက်ရည်ကျပြတော့လည်း မသိသလိုဟန်ဆောင်၏။ နောက်ဆုံးတော့ ဟန်ငယ့်ဆံပင်တွေ အဆစ်ပါသွားပြီ။ အခွင့်အရေးရတဲ့အချိန်မှ ဒီလူကြီးခေါင်းကို ကတ်ကြေးနဲ့ထိုးညှပ်ဦးမည်။