အပိုင်း(၁)

26.2K 914 20
                                    

အပိုင်း(၁)

မနက်လင်းသည်နှင့် ကျင့်သားရနေသည့် မျက်လုံးအစုံကပွင့်လာသည်။နိုးသည်နှင့် အိပ်ရာထဲတွင် ဇိမ်ခံမနေဘဲ ခပ်သွက်သွက် ထ လိုက်သည်။ ရေချိုးခန်းဝင်ကာ ရေချိုးသန့်စင်ပြီးသည့်နောက် အဝတ်အစားလဲကာအိပ်ခန်းထဲတွင် ဧည့်ခန်းအသေးလေး သဖွယ် ပြုလုပ်ထားသည့်နေရာတွင်ထိုင်ကာ Laptop ကိုဖွင့်လျက် လုပ်ငန်းဈေးကွက်တွေအကြောင်းအနည်းငယ်လေ့လာသည်။ ဒါ ကလည်းသူပုံမှန်လုပ်နေကျပင်ဖြစ်သည်။နာရီဝက်ခန့်မျှကြာလျှင် သူ့အခန်းတံခါးကိုလာခေါက်ပေလိမ့်မည်။ဒီတော့မှ လုပ်လက်စကိုသိမ်းကာ သူ တံခါးဖွင့်ပေးလိုက်သည်။

"သခင်လေး Arthit မနက်စာ စားဖို့အချိန်ရောက်ပါပြီခင်ဗျ."

အိမ်တော်ထိန်းကြီးက နောက်လိုက်အိမ်စေမိန်းမငယ်နှစ်ဦးခြံရံလျက် ရိုရိုသေသေပြောလာသည်။သူခေါင်းညိတ်ပြရင်းတစ်ပါး တည်းလိုက်ဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲတွင်မယ်မယ် က အသင့်စောင့်ကြိုနေသည်။Arthit လက်အုပ်ချီရင်း နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ မယ်မယ်။ မင်္ဂလာပါ ဦးလေး Chanchai "

နှစ်ယောက်စလုံး ကပြုံးပြလာသည်။ဘဲဥပုံစံရှည်မျောမျောစားပွဲကြီး၏ထိပ်တွင် မယ်မယ်က ထိုင်ပြီး ဘေးတစ်ဖက်တွင် ဦးလေး Chanchai ကထိုင်သည်။ ဦးလေး Chanchai ၏မျက်နှာချင်းဆိုင်တွင် Arthit ဝင်ထိုင်လိုက်သည်။

"မင်္ဂလာပါ Arthi.။လာ- ဒီမနက် သား ကြိုက်တဲ့ မနက်စာ ပြင်ထားတယ်"

"ဟုတ်ကဲ့မယ်မယ်."

စားပွဲရှည်ထက်တွင် အမျိုးအမည်များလှသည့် မနက်စားတော်ပွဲသည် သာမန်လူတန်းစားတို့ တစ်လစာ စားရသလောက် များပြားလှသည်။ စားပွဲရှည်ကလည်း အရှင်သခင်သုံးဦးအတွက် အတော်လေးကြီးမား၏။ဘေးနားတွင် ယပ်ခပ်ပေးနေသည့် အိမ်စေမိန်းကလေးတွေလည်းရှိသည်။ လိုရာလုပ်ပေးဖို့အသင့်စောင့်နေသည့် စားတော်ကဲကြီးလည်းရှိ၏။ ဒါတွေက Arthit ၏ နေ့စဉ်လူနေမှုဘဝဖြတ်သန်းခြင်းဖြစ်သည်ကြောင့် ထူးပြီး စိတ်မသက်မသာဖြစ်တာမျိုးရှိမနေသလို ဒီလို အထက်တန်းစားဘဝ ကိုပျော်မွေ့နေတာမျိုးလည်းမရှိ။

မေတ္တာစစ်တမ်း (ေမတၱာစစ္တမ္း)Where stories live. Discover now