အာရုဏ်ဦးရဲ့ရောင်နီ
.....................
အပိုင်း(၁)
................
အာရုဏ်ဦး
"ဒါကဘယ်လဲ...ဒီမှာထိုင်ဦး"
"မေမေကလဲ ဆူချင်လဲမနက်မှဆူပါလား"
ပြောသာပြောလိုက်ရပေမဲ့ ဖေဖေကလှမ်းကြည့်တာမို့ ဆိုဖာပေါ်ထိုင်လိုက်ရသည်။
"အခုမှအချိန်အခါသိတတ်နေတယ်လား အာရုဏ်ဦး...၁၀တန်းကျထားတာ ဘယ်နှရက်ရှိသေးလို့မင်းကဒီလိုထင်တိုင်းကြဲနေတာလဲ။ သူများသားသမီးတွေလို စာမေးပွဲအောင်လို့ပျော်ပါးတယ်ဆိုမပြောဘူး။ ညလုံးပေါက်အပြင်ထွက်သောင်းကျန်းနေတာ နေ့တိုင်းနီးပါးပဲ။ ဒီနေ့ကတော့ အဆိုးဆုံး။ ရပ်ကွက်ရုံးအထိလက်မှတ်ထိုးပြီးလိုက်ထုတ်ရတာ။ မင်းကိုယ်မင်းဘာထင်နေလဲ"
ဖေဖေက ဆူနေတာမို့အသာခေါင်းငုံ့ထားမိသည်။
"ဖေဖေကလဲ ဟိုဘက်ကအဖွဲ့က အရင်..."
"တိတ်စမ်း..."
ဖေဖေ့အသံကဟိန်းထွက်လာတာမို့ ဇက်လေးပုကာပြန်ငြိမ်နေလိုက်ရသည်။
"ငါသူများသားသမီးတွေအကြောင်းတော့မပြောချင်ပါဘူး။ သူတို့ကောင်းတာဆိုးတာလဲငါနဲ့မဆိုင်ဘူး။ အဓိက ကမင်းကို ငါတို့သေချာထိန်းကျောင်းနိုင်ဖို့ပဲ။ မင်းကိုဒီအတိုင်းလွှတ်ထားလို့်မရတော့ဘူး။ အဲ့ဒီတော့ အထုတ်အပိုးပြင်ပါ။ မနက်ဖြန် မင်းကိုနယ်ပို့မယ်"
"မေမေ..."
အားကိုးတကြီးခေါ်လိုက်သော်လည်းမေမေက နည်းတောင်နည်းသေးတယ်ဆိုသောပုံစံဖြင့်တစ်ဖက်လှည့်သွားလေသည်။
"ဖေဖေ...၁၀တန်းပြန်တက်ဖို့ကရော..."
"အဲ့ဒါငါတို့စီစဉ်မယ်...မင်းမရှည်နဲ့။ အခုအထုတ်အပိုးသွားပြင်"
ကျွန်တော်လဲ ဆောင့်ဆောင့်နှင့်အပေါ်ထပ်ကိုတက်ခဲ့လိုက်သည်။ ဖေဖေက ခပ်အေးအေးသမားမို့သိပ်မဆူတတ်သော်လည်း သူအမိန့်ချပြီဆို အဲ့ဒီအတိုင်းလိုက်နာရစမြဲ။
အခုလဲ စိတ်ထဲမှာခိုးလို့ခုလုဖြစ်နေပေမဲ့ အဝတ်ဗီရိုဖွင့်ကာ အဝတ်အစားတချို့ထည့်နေရလေသည်။