အာရုဏ်ဦးရဲ့ရောင်နီ
............................
အပိုင်း(၆)
.............................
ရောင်နီလင်း
ကျွန်တော့်ကိုဖက်ကာငိုနေသောသူ့ရဲ့ ကိုယ်လုံးလေးက တုန်ခါနေသလို ကျွန်တော်လဲစိတ်မကောင်းဖြစ်မိရသည်။ သူ့မိဘတွေက သူစိမ်းတွေလက်ထဲထားခဲ့ပြီဆိုပြီး အားငယ်သွားတာထင်ပ။
"ကိုယ်ရှိပါတယ် မငိုနဲ့တော့...တိတ် တိတ်"
ကျွန်တော်တောင်ဘယ်အချိန်ကနူးညံ့တတ်သွားမှန်းမသိ။ ကိုယ်လို့ပင်သုံးနှုန်းတတ်သွားသည်။ ပြောလိုက်ပြီးတော့မှ မျက်နှာပူကာ အမေတို့ကိုကြည့်လိုက်တော့ သူတို့လဲသတိမထားမိ။
"ဟုတ်သားပဲ...သားငယ်လေးရယ် ဒေါ်ဒေါ်တို့လဲရှိနေတာပဲ...စိတ်မကောင်းမဖြစ်နဲ့တော့နော်။ လာ အိမ်ပေါ်တက်...မုန့်စားကြမယ်"
ကျွန်တော့်အမေက သူ့ကိုခေါ်နေတော့မှ ကျွန်တော့်ရင်ခွင်ထဲကနေ လှမ်းကြည့်ကာ ခေါင်းလေးညိတ်ပြနေသည်။
ပြီးတော့မှ ကားဘက်ကိုလှည့်ကာ လက်ညှိုးထိုးလိုက်ပြီး
"အကို...အင့်...ကားတံခါးဖွင့်ပေး...အင့်...ပါ...ဒေါ်ဒေါ်တို့...အင့်...အတွက် မုန့်တွေ....အင့်...ယူချင်လို့"
ရှိုက်သံတွေကြားမှပြောနေသော သူ့အသံလေးကိုမနည်းနားထောင်နေရသည်။
"သြော်...အေး...အေး..."
နောက်ခန်းတံခါးဖွင့်ပေးလိုက်တော့မှ သူ့ဘာသာ မုန့်ထုပ်တွေရှာနေလေသည်။
ခဏနေတော့မှ ကျေနပ်သွားသလို အထုပ်တချို့ကိုယူကာ နှာတရှုံ့ရှုံ့နှင့်အိမ်ပေါ်တက်သွားလေသည်။
"အမေ...အဲ့ဒါဆို ကျွန်တော်သွားတော့မယ်။ ကိုဖြိုးတို့ကို ဒီထိပ်နားမှာစောင့်ခိုင်းထားတာမို့လို့"
"အေး အေး သား...အလုပ်သမားတွေလဲရှိနေတာပဲ အရမ်းလဲပင်ပန်းမခံနဲ့ဦး"
"ဟုတ်ကဲ့ပါ အမေ"
"အကို..."
ကျွန်တော်လှည့်ထွက်သွားမလို့လုပ်တော့မှ အိမ်ပေါ်ကနေ အာပြဲကြီးနှင့်လှမ်းခေါ်ပြန်သည်။