အာရုဏ်ဦးရဲ့ရောင်နီ
..........................
အပိုင်း(၉)
............................
အာရုဏ်ဦး
မပြန်ပါနဲ့ဦးဆိုတာကို အတင်းပြန်သွားသည်။ အတူစားအတူသွားရှိနေပြီးမှ အကိုကမရှိတော့ ကျွန်တော်ဘယ်လိုမှမနေတတ်ပါ။ သူ့ကိုကန်တော့ပြီးပြန်လှည့်ဝင်ခဲ့ကာ ခေါင်းအုံး ပေါ်မျက်နှာအပ်ပြီးငိုကြွေးနေမိသည်။
အပြင်မှာတော့ အကိုက မေမေတို့ကိုနှုတ်ဆက်ပြီး ထွက်သွားတာကိုကြားနေရသည်။ ပြတင်းပေါက်ကနေ ထကြည့်လိုက်တော့ အကိုပါသွားသောကားလေး ခြံထဲက ထွက်သွားတာကိုတွေ့နေရသည်။
အမှတ်တမဲ့ မျက်လုံးတို့က စာကြည့်စားပွဲပေါ်အရောက်......
"စာတစ်စောင်ပါလား"
စာအိတ်အပြာရောင်လေးနှင့်ထည့်ထားသောစာတစ်စောင်...
အသာလေးလှမ်းယူလိုက်ပြီး ကုတင်ပေါ်တက်ကာ ဖတ်ဖို့ပြင်လိုက်သည်။
စာရွက်ကိုဖြန့်လိုက်တာနှင့် ရင်းနှီးနေသော အကို့လက်ရေးလေးတွေက အစီအရီ။
"ကလေးလေး ....
အကိုပြန်သွားလို့စိတ်မကောင်းဖြစ်နေမှာသိပါတယ်။ ဒါပေမဲ့ ကလေးကိုယ့်ကိုတွေ့ချင်ရင်လာလို့ရသလို ကိုယ်လဲလာလို့ရနေတာပဲ။ မိဘတွေကိုစိတ်ဆင်းရဲအောင်မလုပ်ရဘူးနော်။ နောက်တခါလာအပ်ရင်အကိုက လက်ခံတော့မှာမဟုတ်ဘူး။ လိမ္မာတဲ့သားလေးဖြစ်အောင်နေပါကွာ။ ပြီးတော့....
အကို ကလေးကိုအရမ်းချစ်တယ်။ ကိုယ်ကအရင်ချစ်တယ်လို့ပြောတယ်နော်။ အဲ့ဒါဆိုအခု ကလေးကိုပြန်မေးလို့ရပြီပေါ့။ ကိုယ့်ကိုချစ်လား???"
"သူ့ကိုမချစ်မှဖြင့် အနမ်းခံစရာလား။ တော်တော်တုံးတဲ့လူကြီးပဲ"
အကိုအနားမှာမရှိပေမဲ့ စာရွက်အပြာရောင်လေးကိုပဲ မျက်စောင်းထိုးမိလိုက်သည်။
................................
"အကို....အကို..."
နှုတ်မှအလန့်တကြားရေရွတ်မိကာ ထထိုင်လိုက်ရင်း အိပ်မက်ကိုပြန်တွေးမိကာလန့်နေရသည်။
![](https://img.wattpad.com/cover/182203776-288-k250064.jpg)