part - 6 U+Z

7K 568 9
                                    

Unicode

My Ugly Girl

( အပိုင်း - ၆ )

ချစ်ခွင့်ပန်နေသော ကောင်လေးနှင့် ရှက်သွေးဖြာနေသော ကောင်မလေးကို ကြည့်ရင်း ပြုံးရယ်နေသော သူ့ကို စစ်မင်း စတင်ပြီး သတိထားမိခဲ့သည် ။ ဟန်ဆောင်တာတွေမရှိဘဲ စိတ်ရှိသည့်အတိုင်း နေတတ်သည်ထင်သည် ။ စိတ်ထဲမှာ ဖြစ်ပျက်သမျှ မျက်နှာထက် ပေါ်နေသည် ။ အပြုံးတွေကလည်း အသက်ဝင်နေသည် ။

သူ့နာမည်က ရှင်းသန့်ဟု သူ ကြားမိ၏ ။ စစ်မင်းနှင့်လည်း တစ်ခန်းထဲဖြစ်၏ ။ နောက်ပြီး ရှင်းသန့်၏ အများနှင့် မတူသည့် အကျင့်ကြောင့် သတိထားမိခဲ့တာဖြစ်သည် ။ အမြဲ တစ်ယောက်တည်းနေပြီး ဘယ်သူဘာပြောပြော သည်းခံတာ တွေ့ရသည် ။ အဲ့သည်လို အကျင့်လေးတွေကြောင့် သူ ဂရုစိုက်မိခဲ့တာဖြစ်သည် ။ ယခုလည်း ထိုစုံတွဲကိုကြည့်ပြီး စိတ်လွတ်ကိုယ်လွတ် ရယ်နေလေသည် ။ ဘေးက သူတွေ ရှိနေသည်ကိုပင် သတိရသေးရဲ့လားမသိ ။ ထိုစုံတွဲထွက်သွားတော့မှ သည်ဘက်ကို မျက်နှာလည့်လာသည် ။ သူ့ကို မြင်သွားတော့ မျက်လုံးဝိုင်းသွားတာ တွေ့လိုက်ရသည် ။ ရှင်းသန့်သည် ရုပ်ရည်က လှပသည့်ထဲ မပါပေမယ့် သူ့မျက်ဝန်းလေးတွေကတော့ ဝိုင်းစက်​ပြီး ကြည်လင်သည် ။

စစ်မင်းက ရှင်းသန့်ကို စိုက်ကြည့်နေမိတုန်းမှာပဲ ရှင်းသန့်က ခေါင်းငုံ့ပြီး ထွက်သွားတော့သည် ။

"သူရုပ်နဲ့များ စိတ်ကူးယဥ်နေသေးတယ် "

ဆုမြတ်ဆီက ထိုစကားထွက်လာတော့ စစ်မင်း ဒေါသထွက်ရသည် ။ ဆုမြတ်နှင့် သူက သူငယ်ချင်းတွေဆိုပေမယ့် ဆုမြတ်၏ တစ်ဖက်သားအပေါ် ကဲ့ရဲ့ရှုပ်ချတတ်သည့်အကျင့်ကို မကြိုက် ။ ယခုလည်း သူ ဆုမြတ်၏ စကားကို သဘောမကျပေမယ့် သက်ပြင်းရှိုက်ပြီး မသိချင်ယောင်ဆောင်ခဲ့သည် ။

***************

တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှင်းသန့်ကို သူ့ပါတီပွဲမှာ ထပ်တွေ့ခဲ့​ပြန်သည် ။ သူငယ်ချင်းတွေနှင့် စကားပြောနေရင်း ဝုန်းခနဲ အသံကြား၍ သူကြည့်မိတော့ မျက်စိရှေ့မှာ လဲကျနေသော ရှင်းသန့်ကို တွေ့လိုက်ရသည် ။ အဝတ်အစားက ပေကျံနေပြီး ဘေးမှာ အစားအသောက်တွေက ပျံ့ကျဲနေသည် ။ ခေါင်းတွင်တွင်ငုံ့ပြီး တိတ်ဆိတ်နေတာက ဝမ်းနည်းနေတာများလား ။ သူ ကူညီဖို့ ထရပ်လိုက်ပေမယ့် စိတ်ထဲ တွေးမိတာက ဒါ မတော်တဆဖြစ်တာရော သေချာရဲ့လားဟူ၍ပင် ။ သည်ပါတီပွဲက ဒယ့်ဒီ မိတ်ဆွေတွေ၏ မိသားစု နှင့် သူ့ သူငယ်ချင်းတွေသာ ဖိတ်ထားတာဖြစ်သည် ။ ဒယ်ဒီ့၏ ပိုင်ဆိုင်မှုတွေကြောင့် သားဖြစ်သည့် သူ့ကို ပွဲထုတ်သည့်အခါ မိန်းကလေးများဘက်မှ လာချဥ်းကပ်ကြသည် ။ ဒါကြောင့် သူ စိတ်ရှုပ်ရှုပ်နှင့် သူငယ်ချင်းတွေနှင့်အတူ ထိုင်နေတာဖြစ်သည် ။ သူ့ရှေ့မှာမှ လဲကျသည့် ရှင်းသန့်၏ အပြုအမှုက ရည်ရွယ်ချက်နှင့်လား ။

My Ugly Girl ( Completed) Where stories live. Discover now