part - 17 U+Z

6.1K 443 6
                                    

Unicode

My Ugly Girl

( အပိုင်း - ၁၇ )

"အမေ အိမ်နဲ့ခြံ ရောင်းဖို့ ပြောထားပြီးပြီ နွယ် ။ အမြန်ရောင်းထွက်အောင် သေချာ ပြောထားတယ် ။ ဒီရက်ထဲပဲ ဝယ်သူတွေ လာကြည့်လိမ့်မယ် ။ အဆင်ပြေရင် တစ်ခါတည်း ငွေရှင်းလိမ့်မယ် ။ အဲ့ဒီရက်ကျရင် ရှင်းသန့်ကို အိမ်ကနေ ပထုတ်မှရမယ် "

"စိတ်မပူပါနဲ့ မေမေ ၊ နွယ် တစ်ခုခု စီစဥ်လိုက်ပါ့မယ် "

နွယ်က ဝရံတာကနေ အပြင်ဘက်ကို ငေးနေရင်းနှင့်ပဲ ဖြေ သည် ။

"ဘာမှ စိတ်ညစ်မနေနဲ့နော် နွယ် ၊ အမေတို့ သားအမိ ဒီကထွက်သွားပြီး ဘယ်သူမှ မမှတ်မိနိုင်တဲ့ နေရာမှာ ဇာတ်မြှပ်ပြီး နေကြတာပေါ့ "

ဒေါ်ဥမ္မာနွယ်က နွယ့်လက်လေးကို ဆုပ်ကိုင်ရင်း အားပေးလိုက်သည် ။ နွယ်က သက်ပြင်းရှိုက်ရင်း အဝေးကိုသာ ငေးနေသည် ။

"အမေ ညစာတွက် ပြင်ဆင်လိုက်ဦးမယ် "

"အင်း "

နွယ် ခေါင်းညိတ်တော့ မေမေက ထွက်သွားသည် ။ ထိုစဥ် ကားတစ်စီးက အိမ်ရှေ့၌ လာရပ်သည် ။ ကားပေါ်မှ ရှင်းသန့် ဆင်းလာပြီး ကားထဲကို ​ပြန်ငုံ့ကြည့်ကာ ရယ်မောပြီး စကားပြောနေသည် ။ ကားထဲက ဘယ်သူလဲ တွေးနေစရာမလို စစ်မင်းပဲ ဖြစ်မည် ။ စစ်မင်း ကားမောင်းထွက်သွားတာကို ရှင်းသန့်က ရပ်ကြည့်နေခဲ့သည် ။ ရှင်းသန့် ခြံထဲ ဝင်ခါနီး ရောက်လာသော လူတစ်ယောက်ကို မြင်တော့ နွယ့် မျက်ဝန်းတို့ ပြူးကျယ်သွားသည် ။ သက်ပိုင်က ရှင်းသန့်ကို လာတွေ့တာလား ။ သူတို့နှစ်ယောက်ခဏစကားရပ်ပြောပြီး သက်ပိုင်က ရှင်းသန့်၏ လက်ကို ကိုင်လိုက်တာ တွေ့လိုက်ရသည် ။ ထိုအချိန် နွယ့် ဒေါသတွေ အဆမတန်မြင့်တက်လာသည် ။ သက်ပိုင်က နွယ့်ကို လမ်းခွဲရသည့် အကြောင်းအရင်း အစစ်အမှန်က ရှင်းသန့်ကြောင့် ဖြစ်သည် ။ ခုတော့ သူတို့က လွတ်လွတ်လပ်လပ် တွေ့ပြီး ချစ်ကြိုးသွယ်ချင်ကြပြီပေါ့လေ။ ရှင်းသန့်ဆိုသည့် မိန်းမက စစ်မင်းနှင့် တွဲနေတာတောင် သက်ပိုင်ကိုပါ မြူဆွယ်ချင်နေသည် ။

ခဏအကြာ ခြံထဲ ဝင်လာသော ရှင်းသန့်နှင့် နွယ်တို့ အကြည့်ချင်းဆုံသွားသည် ။ နွယ် ဝရံတာကနေ ထွက်လာပြီး လှေကားထိပ်မှ ရပ်စောင့်နေခဲ့သည် ။ နွယ့်ကို မြင်တော့ မသိကျိုးကျွံပြုပြီး လမ်းလျှောက်လာသော ရှင်းသန့်၏ ပုံစံကြောင့် နွယ့် သည်းခံနိုင်စွမ်းတို့ ကင်းမဲ့သွားသည် ။ နွယ် စိတ်တိုတိုနှင့် သူအနားရောက်ချိန် ဆောင့်တွန်းလိုက်သည် ။ ဒလိမ့်ကောက်ကွေး လှေကားပေါ်မှ ရှင်းသန့် ကျသွားတာကို ကြည့်ရင်း နွယ့် စိတ်ထဲ အနည်းငယ် ကျေနပ်သွားသည် ။ သို့သော် အပြည့်အဝတော့ မဟုတ် ။ ရှင်းသန့်ကို မုန်းသည့် အမုန်းထုထည်က နွယ့် ရင်ထဲမှာ ပြည့်သိပ်နေသည် ။

My Ugly Girl ( Completed) Where stories live. Discover now