အခန်း - ( ၁၄ )

2.4K 217 22
                                    

သင်းပျံ့တဲ့ ရနံ့တစ်မျိုးက နှာခေါင်းထဲကို ရုတ်တရက် တိုးဝင်လာတယ်။ အံ့သြဖို့ ကောင်းတာက အမျိုးအမည်မသိခြင်းပါပဲ။ အဲဒီရနံံ့က ဝေခွဲဖို့ သိပ်ခက်တယ်။ နှာဖျားလေးက တစ်ဆင့် ရင်ဘတ်ထဲကို တိုးဝင်လာတော့ ရုတ်တရက် မျက်လုံးတွေကို ဖွင့်လိုက်မိတယ်။ ပတ်ဝန်းကျင်အနေအထားက ကလျာ့ကို အံသြမှင်သက်စေတယ်။ မနေ့က ညက သေချာပေါက် ရတီနဲ့အတူရှိနေလျက် အခုရောက်နေတာက အခန်းတစ်ခန်းရဲ့ ခုတင်တစ်လုံးပေါ်မှာ......။

ကလျာလဲ ရနံ့ရရာ နေရာကို တွေ့လို့တွေ့ငြားရှာကြည့်နေဆဲမှာပင် ခပ်လှမ်းလှမ်း တစ်နေရာမှာ နောက်ကျောပေးရပ်နေတဲ့ အမျိုးသမီးတစ်ဦးတွေ့ရတယ်။ ဒီအမျိုးသမီးက ဒီနေရာမှာ ရှိနေပုံထောက်ရင် ဒီအခန်းက သူ့အခန်းပဲ ဖြစ်မှာပါ။ ဒါပေမယ့် ကလျာနားမလည်တာက ဒီနေရာကို ဘယ်လိုရောက်လာတယ်ဆိုတာပါပဲ......။

ထိုအမျိုးသမီးဘက်ကို နောက်ထပ်တစ်ကြိမ် လှမ်းကြည့်မိတော့ သူမက ကလျာရွိရာကို ဣန္ဒြရေရပဲ လျှောက်လာတယ်။အမျိုးသမီးက အနက်ရောင်ဇာ အပေါ်မှာမှ နောက်ထပ်ဝတ်ရုံကို ဟန်ပါပါနဲ့ ဝတ်ထားတယ်။ အနက်ရောင်ဇာအောက်က သူမရဲ့အသားအရေက ဖြူဝင်းနေပြီး ရွှေရောင်သမ်းနေလေရဲ့......။

ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တွေကိုလဲ ကျောဘက်ကို ဖြန့်ဝဲချထားသေးတယ်။ဒီအခန်းမှာ သူမရယ် ကလျာရယ် နှစ်ယောက်တည်းရှိနေပြီး တိတ်ဆိတ်ငြိမ်သက်လွန်းလှတယ်။ အခုချိန်ထိ အမျိုးအမည်မသိတဲ့ အနံ့တွေက မွှေးရှနေဆဲပင်။

ကလျာလဲ သူမကို သတိလက်လွတ်ငေးကြည့်မိနေတယ်။ ဘာလို့လဲဆိုတော့ သူမက ကလျာ မထင်ထားလောက်အောင် လှပလွန်းနေတယ်။ သူမက ကလျာနဲ့ အနီးကပ်ဆုံးကို ရောက်တော့ ချိုသာစွာ ပြုံးပြတယ်။

တဖြေးဖြေး နီးကပ်လာလေ ထွေပြားတဲ့ ရနံ့တွေက အာရုံတွေကို ဝေဝါးစေတယ်။ သူမရဲ့ မျက်နှာလေးကို အနီးကပ် သေချာအကဲခတ်မိတော့ အထူးခြားဆုံးက မျက်ဝန်းတွေပါပဲ။ မျက်ခုံးနက်နက်တွေအောက်က မျက်ဝန်းနှစ်စုံက ထူးခြားစွာ စူးရှတောက်ပနေတယ်။ အဲဒီ မျက်ဝန်းတွေက ကြောက်ရွံမှု အလျဉ်းမရှိ ရဲရင့်ပြတ်သားတဲ့ အရိပ်အယောင်တွေကို ဖော်ပြနေသလိုပင်။ နှာတံ ခပ်မြင့်မြင့်က ဥရောပဆန်ဆန်နှာတံပုံစံလေးမျိုးပါပဲ။

အတ္တမဲ့ ချစ်ခြင်း Where stories live. Discover now