[ Zawgyi ]
မနက်ခင်းအချိန်တွင် တာ့ဝမ်နန်းမြို့တော်သို့ တုံဟွမ်းတပ်များရောက်ရှိလာကြသည်။ နန်းမြို့တော်တွင်တော့ လူအများနှစ်သစ်ကူးပွဲတော်အတွက် အလုပ်ကိုယ်စီများနေကြသည်။ ပင်းဝမ်သည် အမိန့်သဝဏ်လွှာကို ယူဖို့အတွက်နန်းတော်သို့ ဝင်လာခဲ့သည်။
ဒီလိုနှင့် ဧကရာဇ်နန်းဆောင်ကို မရောက်မီ အလွန်ရင်းနှီးလှသည့်ပုလွေအသံကို သူကြားလိုက်ရသည်။ ခပ်နက်နက်မျက်ဝန်းအစုံတို့မှာဝိုင်းစက်လျက် ၊ အရှေ့ကိုဆက်မသွားနိုင်ပဲ ထိုနေရာမှာပဲ ကျောက်ရုပ်သဖွယ် သူရပ်နေမိသည်။ ဖော်ပြရခက်လှသည့် ခံစားချက်တို့မှာလည်း ရင်ထဲတွင် ရှုပ်ထွေးရောပြွန်နေသည်။
သီချင်းသံပျောက်သွားတော့ သူ သတိပြန်ဝင်လာပြီး နှေးကွေးလှသောခြေလှမ်းများဖြင့် ဧကရာဇ်အဆောင်သို့ လျှောက်လာခဲ့သည်။ ထိုအရာက ဘယ်လိုမှမဖြစ်နိုင်ရင်တောင် တဒင်္ဂအချိန်လေးအတွင်း ထိုအဆောင်ထဲ၌ ရှဲလီရှိနေလိမ့်မည်ဟု သူရဲ့မသိစိတ်ကအခိုင်အမာယုံကြည်နေခဲ့သည်။
အထိန်းတော်များမှာ ပင်းဝမ်ကိုတွေ့သည်နှင့် တပြိုင်နက် ဂါရဝပြုလိုက်ပြီး အရှင်မင်းကြီးထံသို့ ခစားဝင်ရန် သွားလျှောက်တင်ပေးကြသည်။ ခဏကြာတော့ ဧကရာဇ်ရဲ့ခွင့်ပြုချက်နှင့်အတူ အဆောင်ထဲသို့ ပင်းဝမ်ဝင်လာလေသည်။ တုန်ယင်နေတဲ့နှလုံးအိမ်ကို ချုပ်ထိန်းရင်းဖြင့် တစ်လှမ်းချင်းစီ လျှောက်လာသည်။
အဆောင်ထဲကိုရောက်တော့ သူမျှော်လင့်နေသောသူမှာ ရှိမနေခဲ့ပါ။ အဝါရောင်လွင်လွင်လေးကိုဝတ်ဆင်ထားသည့်လူအစား မိုးပြာရောင်ကိုသာဝတ်ဆင်ထားကြသည့် သမားတော်များသာရှိနေကြ၏။ နာမကျန်းဖြစ်နေသည့်ဧကရာဇ်ကတော့ သလွန်ပေါ်၌ ထိုင်နေသည်။
"" အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ""
ပင်းဝမ် ဒူးထောက်ပြီး ဂါရဝပြုလိုက်သည်။ ပင်းဝမ်ရောက်လာတော့ ဧကရာဇ်က သမားတော်များကို လက်ယမ်းပြရင်း သွားတော့ဟူသည့် အမူအယာဖြင့် ထွက်သွားခိုင်းသည်။ သမားတော်များမှာ ဦးညွတ်ကာဂါရဝပြုရင်း ထွက်သွားကြသည်။
YOU ARE READING
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!