Chapter-1

78.7K 3.6K 243
                                    

(Unicode)

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

"တင်..."

လိုင်းဖွင့်ထားသောဖုန်းလေးမှ ထွက်ပေါ်လာသောနိုတီသံနှင့်အတူ သူ့၏နှုတ်ခမ်းတို့ အလိုက်သင့် ပြုံးသွားရသည်။ အချိန်သည် ရှစ်နာရီကွက်တိ။ ယခုအချိန်မှာ ထွက်ပေါ်လာသော ထိုအသံသည် တစ်စုံ တစ်ယောက်၏ ဇာတ်လမ်းအပိုင်းသစ်တင်ခြင်းမှလွဲ၍အခြားမဖြစ်နိုင်။ ကျက်နေသော စာအုပ်လေးအား အလျင်အမြန် ပိတ်လိုက်ပြီးနောက် ဖုန်းကို ကောက်ယူလိုက်သည်။

အမှန်ပင် ဖုန်းမျက်နှာပြင်ပေါ်၌ ရှိနေသောအကြောင်းကြားစာလေးက သူ့ကိုရင်ခုန်စေရင်း ပြုံးစေသည်။

Jayy updated Midnight Garden.Part-20. ဟူသည့် စာလေးကို အရင်ဆုံးဓာတ်ပုံရိုက်ယူလိုက်သည်။ ထို့နောက် ကြယ်လေးများကို မြတ်နိုးသူအတွက် ကြယ်လေးတစ်ပွင့်ကို ဦးစွာချီးမြှင့်လိုက်သည်။ စာတွေကို အရင်မဖတ်သေးဘဲ အောက်ဆုံးထိကျော်ယူပြီး သူနားထောင်ရန် ထည့်ပေးထားသည့် သီချင်းလေးကိုရှာ၍ နားကြပ်တပ်ကာ အရင်နားထောင်လိုက်သည်။ သူတင်သမျှအပိုင်းတိုင်းကို သူထည့်ပေးထားသော သီချင်းအားနားထောင်၍ ဖတ်ရသည်ကို ပို၍သဘောကျသည်မို့။

ယခုတစ်ပိုင်းတွင်လည်း ဇာတ်လမ်းသည် ရင်တထိတ်ထိတ်ဖြစ်ရပြန်သည်။ သူသည် စာဖတ်သူများကို အမြင့်ဆုံးထိဆွဲခေါ်သွားလိုက်၊ အောက်ဆုံးကိုပစ်ချလိုက်၊ အလယ်အလတ်မှာထားလိုက်ဖြင့် စာဖတ်ရင်း ရိုလာကိုစတာ စီးရသလို ခံစားရအောင် စွမ်းဆောင်နိုင်သည်။

သူဖန်တီးခဲ့ပြီးသော ဇာတ်လမ်း လေးပုဒ်လုံးတွင် မကောင်းသည့် ဇာတ်လမ်း၊ မပေါက်သည့် ဇာတ်လမ်းဟူ၍ မရှိခဲ့။ ယခုလက်ရှိရေးနေဆဲ ဇာတ်လမ်းသည်လည်း စာဖတ်သူများအား လက်ကပင်မချနိုင်အောင် ရင်တထိတ်ထိတ်နှင့် ဆွဲဆောင်မှုရှိပြန်သည်။

မင်းသားက မိမိချစ်သူကို ရက်ရက်စက်စက်သတ်သွားသော လူသတ်သမားအား စနစ်တကျ ပိပိရိရိလက်စားပြန်ချေပုံကို ရင်တထိတ်ထိတ်ရေးဖွဲ့ထားသည်။ သို့သော် ယခုအချိန်ထိ မည်သူက လူသတ်သမား အစစ်အမှန်လဲဆိုသည်က စာဖတ်သူတွေအတွက် သူထားပေးသောပုစ္ဆာ။ သူပေးသည့် သဲလွန်စများကိုလိုက်ရင်း ဟုတ်သလိုလို မဟုတ်သလိုလိုနှင့် အသည်းတယားယားဖြစ်ရသည်။ ယခုတစ်ပိုင်းတွင်လည်း အလားတူပင်။ နောက်ထပ် သံသယဖြစ်ဖွယ်လူတစ်ဦးတောင်တိုးလာသေးသည်။

I ADORE YOU. (COMPLETED)Where stories live. Discover now