Chapter-22

9.8K 1.6K 181
                                    

(Unicode)

ကော်ရစ်ဒါတစ်လျှောက် တန်းစီနေသော လူနာစောင့်များကို ကြည့်ရင်း အရင်တစ်ခါထက် ယခုတစ်ခါက ပီတိမျက်ရည်ပိုဝဲရသည်။ တစ်ချက် တစ်ချက် စီနီယာက တမှူး ပုခုံးကို ဆုပ်ကိုင်ကာ အားပေးသည်။

"ဟာ...မောင်လေးတို့ပဲလား"

ယခုတစ်ခေါက်လည်း တမှူးတို့က မီးယပ်ဌာနကိုပဲ တာဝန်ယူဖြစ်သောကြောင့် တမှူးတို့ကို မှတ်မိနေသူ လူနာစောင့်တစ်ဦးက နှုတ်ဆက်လာသည်။ အရင်တစ်ကြိမ်လာခဲ့သည်က တစ်လကျော်မျှသာရှိသေးသည်မို့ ထိုလူနာစောင့်အမျိုးသမီးကို တမှူးမျက်မှန်းတန်းမိသလိုလို၊မှတ်မိသလိုလိုရှိပါသည်။ သို့သော် ဘယ်ကုတင်က ဘာညာတော့မမှတ်မိပါ။ သို့ပေမယ့် မှတ်မိသယောင်ယောင် ပြန်လည်နှုတ်ဆက်လိုက်သည်။

"အရင်တစ်ခါကျွန်တော်တို့လာကတည်းကကို ဆေးရုံမဆင်းရသေးတာလား"

"မဟုတ်ဘူး ၊ နောက်တစ်ခေါက်ပြန်တက်ရတာ မောင်လေးရေ ၊ ဘဝကံတွေက ရက်စက်ချက်များ စားစရာမရှိ ရောဂါရှိဖြစ်နေရတယ်၊ မွေးကတည်းက ဒီလိုရောဂါဆိုးကြီးကို ထည့်ပေးလိုက်မယ်ဆိုရင်လည်း ဘာလို့ လူအဖြစ် အသက်ရှင်ခိုင်းနေသေးလဲကွယ်၊ ပြုစုရလို့ ပင်ပန်းတာမဟုတ်ပါဘူး၊ သူ့ဝေဒနါအတွက် မကြည့်ရက်နိုင်လို့ပါ"

ပြောရင်း ကျလာသောမျက်ရည်များကို ထိုအစ်မကြီးက ပွတ်ဆွဲသုတ်လိုက်သည်။ တမှူးရင်ထဲ၌လည်း တစ်စို့စို့ခံစားလိုက်ရသည်။ ဝဲတက်လာသော မျက်ရည်များကို မျက်တောင်များဖြင့် ပုတ်ခတ်လိုက်သည်။

"မောင်လေး အဆင်ပြေရဲ့လား"

ထိုအစ်မကြီးက တမှူးအနောက်ကို ကြည့်ပြီးမေးလိုက်တာကြောင့် တမှူးလည်းလှည့်ကြည့်လိုက်သည်။

"ဟင်...စီနီယာ"

အလန့်တကြားခေါ်လိုက်တော့ ငေးငိုင်နေသော စီနီယာက မျက်ရည်များကို ကမန်ကတန်းပွတ်ဆွဲသုတ်လိုက်သည်။ ထို့နောက် မပီမပြင် တစ်ချက်ပြုံးရင်း

"ကိုယ် စိတ်မကောင်းဖြစ်မိလို့ပါ"

ဟု ခပ်တိုးတိုး ဖြေရှင်းချက်ထုတ်သည်။

I ADORE YOU. (COMPLETED)Where stories live. Discover now