Chapter-6

12.9K 1.9K 124
                                    

(Unicode)

မြောက်ဥက္ကလာပ ဆေးရုံကြီးအတွင်း ကားလေး မောင်းဝင်လာသည်နှင့် ပထမဆုံး အရေးပေါ်ဌာနဟု မြေညီထပ်တွင်ရေးထားသော ခြောက်ထပ်ဆောင် ကြီးကိုတွေ့ရသည်။ ထိုခြောက်ထပ်ဆောင်ကြီး၏ အရှေ့ခပ်လှမ်းလှမ်း မြေကွက်လပ်တွင်လူနာစောင့် များက အခင်းကိုယ်စီဖြင့် အစုစုထိုင်နေကြသည်။ ကားလေးကို ဆေးရုံကားပါကင်တွင် ဝန်ထမ်းထံ ခွင့်တောင်း၍ရပ်ခဲ့ပြီး စီနီယာ့ သူငယ်ချင်းများနှင့် လှမ်းဆက်သွယ်ကာ လူစုလိုက်ကြသည်။ ထို့နောက် အဆောင်တစ်ခုချင်းသို့ လူခွဲ၍ တာဝန်ချပေးသည်။ စီနီယာ၊ တမှူးနှင့် တခြားအစ်ကိုတစ်ဦးတို့က သားဖွားမီးယပ်ဌာနဟု ရေးထားသော မြေညီထပ်အ ဆောင်တစ်ခုတွင် တာဝန်ကျသည်။ အဆောင်ထဲ ဝင်ဝင်ချင်း ဆေးနံ့၊ ပိုးသတ်ဆေးအနံ့ အစရှိသော တမှူးနှင့်မယဥ်ပါးသည့် အနံ့ပေါင်းစုံကကြိုဆိုသည်။

အသင့်စားသုံး၍ရအောင် ပြင်ထားပြီးသား ကော်ကြည်ထမင်းဘူးလေးများကို အိတ်ကြီး အိတ်ငယ်အသွယ်သွယ်ဖြင့် တမှူးတို့သုံးယောက် ကားပေါ်မှ နှစ်ခေါက်သယ်ရလေသည်။ ထို့နောက် အရင်ဆုံး ဌာနထဲမှ တာဝန်ရှိသူနှင့် စကားပြောရသည်။ စီနီယာ့သူငယ်ချင်းက ကြိုတင်ခွင့်တောင်းအကြောင်းကြားထားပြီးသားဖြစ်သဖြင့် အလွယ်တကူ အဆင်ပြေသွားသည်။ ကျန်းမာရေး ဝန်ထမ်းများအတွက် ထမင်းဘူးကိုလည်း လူအရေအတွက်ဖြင့် တစ်ခါတည်းအရင်ပေးလိုက်သည်။

ကျန်ထမင်းဘူးများကို လူနာဆောင်အပြင်ဘက် လျှောက်လမ်းရှိ ခုံတန်းရှည်ပေါ်တွင် အစီအရီတင်ပြီး အစိမ်းဝတ် သူနာပြုဆရာမကြီးတစ်ဦး၏ ကွပ်ကဲပေးမှုဖြင့် လူနာစောင့်များက တန်းစီ၍ လာယူကြသည်။ ပြည်သူ့ဆေးရုံဖြစ်သည့်အလျောက် လူနာများကို အခန်းကျယ်ကြီးထဲတွင် တစ်ခုတင်နှင့် တစ်ကုတင် သုံးပေခြားကာ နေရာချထားသည်။ လူနာအတွက် ကုတင်ရှိပြီး ဘေးတွင်တော့ လူနာစောင့်ထိုင်ရန် ခုံတစ်လုံးချထားသည်။

ထမင်းဘူး လာယူသမျှ လူနာစောင့်များကို လူနာအတွက်တစ်ဘူး၊ လူနာစောင့်အတွက် တစ်ဘူးထည့်ပေးရသည်။ လူနာစောင့်များထံမှ ကျေးဇူးတင်ပါတယ်ဟု တစ်ခါကြားတိုင်း တမှူးပြုံးမိကာ စိတ်ထဲ ကြည်နူးဝမ်းသာရသည်။ တစ်ခါတရံ မျက်ရည်ဝဲသည်အထိ ဦးညွှတ်မတက် ကျေးဇူးတင်သွားကြသည့်အခါ စိတ်ခံစားလွယ်သော တမှူးပါ မျက်ရည်လိုက်လည်ရသည်။ တချို့ဆိုလျှင် စားဝတ်နေရေးမပြေလည်သည့်ကြားက ရောဂါဘယကြောင့် ဆေးရုံတက်ရသည်အခါ ထမင်းတောင်နပ်မှန်အောင် မစားနိုင်ကြဘူးဟု စီနီယာ ပြောပြသည့်အချိန်က ဟုတ်ရဲ့လားဟု ဇဝေဇဝါဖြစ်ခဲ့သော်လည်း ယခုတော့ တမှူးနားလည်သွားရသည်။ တမှူး မွေးနေ့ကျရင်လည်း သည်လို လာလှူရမည်ဟု စိတ်ထဲ ရည်မှန်းလိုက်သည်။

I ADORE YOU. (COMPLETED)Where stories live. Discover now