Chapter-23

9.8K 1.7K 149
                                    

(Unicode)

လမ်းလျှောက်ရင်း ခေါင်းပေါ် ဝေ့ဝဲကျလာသော သစ်ရွက်လေးကို လက်ဖြင့် ဖမ်းယူလိုက်မိသည်။ သဘာဝအတိုင်း ပိုးကိုက်ထားသဖြင့် အသည်းပုံစံဖြစ်နေသော သစ်ရွက်လေး။ ထို့နောက် ဘာရယ်မဟုတ် ထိုသစ်ရွက်လေးကို လွယ်အိတ်ထဲထည့်သိမ်းလိုက်မိသည်။

နွေရာသီမနက်ခင်း၏ ကောင်းကင်ပြာသည် တိမ်ကင်းစင်ကာ ကြည်လင်နေသည်။ တိတ်ဆိတ်စွာလျှောက်လှမ်းနေသော စီနီယာ့ကို ဘေးတစောင်းငဲ့ကြည့်မိသည်။ သေချာ အာရုံစိုက်ကြည့်မှ မြင်နိုင်သော ဘယ်ဘက်နားထင်မှ မှဲ့နက်လေးသည် ဆံပင်ငုတ်စိများကြားတွင် တည်ရှိနေသည်။ ထိုမှဲ့နက်လေးကို ကြည့်မိတော့ မျက်ဝန်းညိုတစ်စုံက အမြင်အာရုံတွင် ထင်ဟပ်လာသည်။

Jayy ပို့ပေးသည့် မွေးနေ့လက်ဆောင် video အကြောင်းကို စီနီယာ့အားပြောပြရန် တွေဝေနေမိသည်။ တစ်ခါမှ မဖြစ်ပေါ်ဖူးခဲ့သည့် စီနီယာ့အပေါ် အားနာသလို ခံစားချက်မျိုးဝင်နေမိသည်။ ကိုယ့်အပေါ်ဂရုစိုက်လွန်းသော လူတစ်ယောက်ကို တစ်ခြားလူတစ်ယောက်၏ ဂရုစိုက်မှုအကြောင်း စာဖွဲ့မပြောသင့်တော့ဘူးထင်တယ်။

"တိတ်နေလိုက်တာ...ဘာတွေတွေးနေလဲ"

"ဟင့်အင်း...ဘာမှ မတွေးပါဘူး "

ရုတ်တရတ် လှည့်ကြည့်လာသော မျက်ဝန်းညိုများကို ဆုံကြည့်ဖို့ ရှောင်လွှဲရင်း တိုးတိတ်စွာပြန်ဖြေမိသည်။ အတွေးတွေများနေလွန်း၍ ဘာတွေးနေသလဲဟု ခေါင်းစဥ်တပ်ဖို့ပင် ခဲယဥ်းနေသည်။

"ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"ဟုတ် အိပ်ပျော်ပါတယ် ၊ စီနီယာရော..."

"အင်း...ပျော်ပါတယ်"

အနည်းငယ်မျှသော စကားလုံးတို့က ပုံမှန်ထက်လေးနေသည်ဟုခံစားရသည်။

"စီနီယာ နေမကောင်းဘူးလား ၊ စကားပြောတာ လေးနေသလိုပဲ"

ခန့်မှန်းရခက်သော အရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။

"အဟား...အရမ်းသိသာနေလား ၊ အင်း...ကိုယ်ညက အိမ်ပြန်ရောက်တော့ နည်းနည်းထပ်သောက်ဖြစ်တယ် ၊ ခန့်မင်းသူတို့နဲ့လေ"

I ADORE YOU. (COMPLETED)Where stories live. Discover now