Hold Me 🌻 10 (U)

2.2K 240 49
                                    

တစ်နွေဟောင်း တဆောင်းသစ်၍ ပြက္ကဒိန်စာရွက်များမှာလည်း တစ်နှစ်ပြီးတစ်နှစ်ပြောင်းခဲ့ပြီ ဖြစ်သည်။

ပင်လယ်ကမ်းစပ်နံဘေးရှိ သဲသောင်ပြင်ပေါ်မှာ ဖိနပ်နှစ်ဖက်စလုံးချွတ်ကာ လက်နဲ့ကိုင်ထားပြီး ခြေဗလာဖြင့်လမ်းလျှောက်နေသူတဦးကိုမြင်နိုင်သည်။

ဝင်လုဆဲဆဲနေမင်း၏ လက်ကျန်အလင်းရောင်တချို့က ပါးချိုင့်တဖက်ပိုင်ဆိုင်သော ထိုသူ၏ မျက်နှာပေါ်ဖြာကျလျက်ရှိသည်။ မလှမ်းမကမ်းက ရပ်ထားသောကားအနက်ရောင်ဘေးမှာခြေစုံရပ်တန့်ကာ ထိုသူကို မမှိတ်မသုန်စိုက်ကြည့်နေသည့် တစုံတယောက်လည်းရှိနေခဲ့သည်။

ဂျွန်မြောင့်လက်ထဲကိုင်ထားသည့် မင်္ဂလာဆောင်ဖိတ်စာလေးမှာ ကြေမွလုနီးနီးရှိနေပေမယ့် သူ၏အကြီးအကဲဖြစ်သော လွှတ်တော်အမတ်ကျန်းရီရှင်း၏ လက်ထဲသို့ရောက်နိုင်ခြင်းမရှိသေးပါချေ။

" ပတ်ခ်ဂျွန်မြောင်+ ကျန်းရီဆူး " ဟူ၍ ကမ္ဗည်းထိုးထားသည့် ဖိတ်စာလေးက ဂျွန်မြောင်၏လက်ထဲတွင် သေသပ်လှပစွာတည်ရှိနေသော်လည်း အမြင်အာရုံထဲမှာတော့ အကျည်းတန်လွန်းနေသည်။ မျက်စိရှေ့က ယောက်ဖလောင်းဖြစ်သူကို မပြောဖြစ်ခဲ့သောစကားလုံးပေါင်းများစွာအတွက် သူ့နှလုံးသားကို အဝေးဆုံးတနေရာမှာသာ သော့ခတ်သိမ်းထားလိုက်ပါတော့မည်။

" ကျနော့ညီမ ရီဆူး ကိုမမြင်ရတာ သုံးနှစ်လောက်ရှိပြီပဲ။ သူပြန်လာတဲ့နေ့ကျရင် ဂျွန်မြောင်ရော... သူ့ကို မှတ်မိနိုင်ပါ့မလား "

မထင်မှတ်သောမေးခွန်းကြောင့် လက်သီးတင်းတင်းဆုပ်မိစဉ်မှာ လက်ထဲကဖိတ်စာလေးပင်ကြေမွသွားပြီထင်ရသည်။ ကျန်းရီရှင်းက ဂျွန်မြောင့်ဖက် လှည့်မကြည့်သေးပဲ ပင်လယ်ပြင်ထက်ကလှိုင်းလုံးတွေပေါ်သာ အာရုံစူးစိုက်ထားဟန်ရှိသည်။

ဒီနေရာ ဒီအချိန်မျိုးမှာ နှစ်ယောက်အတူတူ ကမ်းစပ်မှာ ဖိနပ်ချွတ်ပြီးလမ်းလျှောက်ခဲ့ဖူးသည်။ ဝင်လုဆဲဆဲနေမင်း၏ အလင်းရောင်အောက်မှာ အပြုံးအရယ်တွေဖလှယ်ခဲ့ဖူးသည်။ ညာဖက်ပါးပေါ်က ပါးချိုင့်တဖက်ကို အမြတ်တနိုးနဲ့ခိုးကြည့်ပြီး အိပ်မက်ထဲအထိ ခေါ်ဆောင်သွားတတ်တာကို တယောက်သောသူမသိအောင် သိမ်းဝှက်ထားရတာလည်း သည်းထိတ်ရင်ဖိုဖြစ်ရခြင်းတမျိုးပါပဲ။

Hold Me (Z+U) 🌻 Where stories live. Discover now