|| 31 ||

10.2K 2K 205
                                    

{Unicode}

ကျိုးကျင်ရှင်းက သူ့ကို ငေးကြောင်ကြောင် ကြည့်နေသည့်အခါ တင်းရှောင်းဝေ အနည်းငယ် အနေခက်လာမိသည်။

သူ ဝက်သားနှပ်တစ်ဖတ်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ အရသာသည်တော့ ယခင်အတိုင်း ကောင်းမွန်နေဆဲပင်။

ရုံဟွား၏ ဟင်းချက်စွမ်းရည်မှာ ကောင်းသည်ဆိုသော်ငြား တောင်ပိုင်း၌ အနေကြာနေပြီ ဖြစ်သည့် သူနှင့် လင်းလင်းအတွက်တော့ အနည်းငယ် ဆားငန်နေတတ်သည်။ ကျိုးကျင်ရှင်း ချက်ပြုတ်သမျှသည်တော့ အမြဲတမ်း အရသာရှိသည်၊ အရသာမှာ မပြင်းလှဘဲ သူရှိခဲ့စဉ်တွင် လင်းလင်း၏ စားသောက်ချင်စိတ်လည်း အတော်လေး တိုးတက်မြင့်မားလာခဲ့သည်။

အဆီပါသော်လည်း သာမန်ထက် ဆီများမနေသည့် လိမ္မော်နီရောင် ဝက်သားနှပ်အရသာကို သူ လွမ်းဆွတ်မိသည်။

အစားအသောက်ကတော့ မှားယွင်းနေခြင်း မရှိသောကြောင့် တင်းရှောင်းဝေလည်း သူ စားပြီးသည့်အခါ ကျိုးကျင်ရှင်းက သူ့ကို မျက်နှာသာပေးကာ ရှောင်ကျန့်ကိစ္စကို ကူညီပေးရန် မျှော်လင့်ရင်း အနည်းငယ်လောက် စားရန် ဆုံးဖြတ်လိုက်တော့သည်။

တင်းရှောင်းဝေ စားနေသည်ကို ကျိုးကျင်ရှင်း မြင်သည့်အခါ တောင့်တင်းနေသည့် ပခုံးတို့သည် တဖြည်းဖြည်း လျော့ကျလာ၏။ ယခင်က သူ အကြိမ်ပေါင်း မရေတွက်နိုင်အောင် အမြဲလိုလို ပြုလုပ်ခဲ့သည့်အတိုင်း အလွန်လျင်မြန်စွာ စားသောက်နေသည့် တင်းရှောင်းဝေအား သတိပေးလိုက်မိသည်။
"ဖြည်းဖြည်းစားလေ၊ အစာမကြေဘဲနေမယ်။"

ရင်းနှီးနေသည့် စကားလုံးတို့ကြောင့် တင်းရှောင်းဝေ အနည်းငယ် တုန်လှုပ်သွားမိသည်။

ကျိုးကျင်ရှင်းသည် ဤကဲ့သို့သောလူတစ်ယောက် ဖြစ်၏။ သူနှင့် သင့်မြတ်နေသည့်အခါ သူ့ထံမှ ဂရုစိုက်ခြင်း ခံရသည့် ခံစားမှုမျိုးကို ပေးစွမ်းတတ်ကာ တစ်ဖက်လူ၏ အတွေးအမြင်တိုင်းကို ဂရုတစိုက်ရှိတတ်သည်။ စကားတစ်ခွန်း နှစ်ခွန်း၊ အပြုအမူတစ်ခုနှင့်ပင် လူတွေကို ခံစားချက်ကောင်းပေးစွမ်းနိုင်ပြီး ကျေးဇူးပင် တင်လာစေသည်။

သာယာရိုးရှင်းသော ဘဝ {မြန်မာဘာသာပြန်}Where stories live. Discover now