Chapter-3 (Part 2)

2.5K 463 1
                                    

UNICODE

(ဒုတိယပိုင်း)

လုပ်ကြံသူများအကြောင်းပြောရမည်ဆိုလျှင် တိုင်းပြည်အရှင်တစ်ယောက်၏ဘဝမှာ အလွန်တရာစိုးရိမ်ပူပန်ဖွယ်ရာကိစ္စရပ်များ များပြားလှချေသည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် အသက်အန္တရာယ်ခြိမ်းခြောက်သည့် ကိစ္စရပ်များနှင့် ကြုံတွေ့လာရနိုင်သည်။ မိမိဆုံးဖြတ်ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များမှာ ကောင်းကောင်းဆိုးဆိုး... အဆိပ်ခတ်၍ဖြစ်စေ၊ မီးလောင်တိုက်သွင်း၍ဖြစ်စေ၊ မသေမချင်း မြင်းဖြင့်နင်းသတ်၍ဖြစ်စေ၊ မြွေဖြင့် ရှူးတိုက်၍ဖြစ်စေ၊ ဓားဖြင့် အပိုင်းပိုင်းခုတ်၍ဖြစ်စေ၊ ဓားမြှောင်ဖြင့် ထိုးသတ်၍ဖြစ်စေ လုပ်ကြံသတ်ဖြတ်ရန်ကြံစည်နေသူများမှာ နောက်ကွယ်တွင် အမြဲလိုလိုရှိနေတတ်သည်။ အကြိမ်ပေါင်းများစွာတိုင် မဆုတ်မနစ် အကြောက်အရွံ့ကင်းမဲ့စွာဖြင့် လုပ်ကြံရန် ကြိုးပမ်းကြပြီး ဧကရာဇ်နတ်ရွာစံမှ စိတ်ချမ်းသာမည့် လူတချို့ကလည်း ဧကရာဇ်၏ အနီးအနားတွင် ခစားနေကြနိုင်သည်။

သမိုင်းကျမ်းပြုစုသူတစ်ဦးကပင် အနှီအခြေအနေနှင့် စပ်လျဥ်း၍ စကားတစ်ခွန်းဆိုခဲ့ဖူး၏။

"လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းမခံရဖူးသည့် ဧကရာဇ်အား ဇကရာဇ်အစစ်အမှန်ဟု သတ်မှတ်မရနိုင်"

သူတော်ကောင်းတရား လက်ကိုင်ထား၍ တိုင်းပြည်အား တရားမျှတစွာ ၅နှစ်ကြာမျှ အုပ်ချုပ်လာပြီးသည့်နောက် ၆နှစ်မြောက်၌ အရာရှိစာမေးပွဲကိုလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီးဖြစ်၏။

ဧကရာဇ်မင်းမှာ နှစ်စဥ်နှစ်တိုင်း နွေဦးရာသီ၌ အခမ်းအနားတစ်ခုကို ကျင်းပပေးမြဲဖြစ်သည်။ ထိုပွဲ၌ တစ်နှစ်ပတ်လုံး ရာသီဥတုသာယာ၍ ကောက်ပဲသီးနှံ သစ်သီးဝလံများ ဖြစ်ထွန်းရန် မိုးနတ်မင်းကြီးအား တောင်းဆုပြုကြသည်။ ထိုနွေဦးပွဲတော် ကျင်းပပြီးသည့်နောက် ညဘက်၌ တော်ဝင်စားသောက်ပွဲအား တပျော်တပါး ဆင်နွှဲကြလေသည်။

အနှီနွေဦးပွဲတော်၏ စားသောက်ပွဲအခမ်းအနားမှာ သာမန်အရပ်သူအရပ်သားများပင် ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲနိုင်သည့် ဧကရာဇ်အတွက် အရေးပါလှသော တော်ဝင်ပွဲလမ်းတစ်ခုပင်ဖြစ်ချေသည်။ တော်ဝင်မိသားစုဝင်များသာမက မင်းမှုထမ်းအရာရှိများ၏ ဆွေမျိုးသားချင်းများ၊ ဒေသခံပြည်သူပြည်သားများပါ ပါဝင်ဆင်နွှဲနိုင်ကြလေသည်။ အခမ်းအနားသို့ တက်ရောက်ခွင့်ရသည့် ဒေသခံပြည်သူပြည်သားများမှာ သေချာစီစစ်ရွေးချယ်ခံထားရသူများဖြစ်၏။ ၎င်းတို့သည် ပရဟိတလုပ်ငန်းများတွင် အများအကျိုးဆောင်တတ်ခြင်း၊ သမာသမတ်ရှိခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်း၊ သစ္စာစောင့်သိတတ်ခြင်း၊တရားမျှတကာ သမာဓိရှိခြင်း စသည့် ကျင့်ဝတ်တစ်ခုခုနှင့် ကိုက်ညီရမည်။ ဩဇာညောင်းသည့် လူကြီးမင်းများနှင့် အခွင့်အာဏာပိုင် ဝန်ကြီးတို့က ဤသို့ဤသို့နှယ် အရည်အသွေးရှိသည့်လူများအား အကြံပြုထောက်ခံပေးရ၏။ သို့ဖြစ်ရာ ရွေးချယ်ခံရသူများက ဂုဏ်သိက္ခာရှိရှိဖြင့် တစ်သက်မှ တစ်ခါသာရနိုင်မည့် အခွင့်အရေးဖြစ်သော နန်းတော်ထဲသို့ လှည့်လည်ကြည့်ရှုခွင့် ရနိုင်ပေမည်။ ထိုသည်သာမက တိုင်းပြည်၏ အလေးအမြတ်ထားရာ မင်းဧကရာဇ်ကိုလည်း လူချင်းတွေ့ ဂါရဝပြုနိုင်မည့် အခါအခွင့်လည်း ရနိုင်ပေလိမ့်မည်ဖြစ်သည်။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now