Chapter-5 (Part 3)

2.2K 393 12
                                    

UNICODE

​ (တတိယပိုင်း)

မီးပုံးပွဲတော်ကျင်းပသည့်ညနေ၌ လီအိမ်တော်မှာ အခြားအိမ်တော်များကဲ့သို့ မိသားစုဝင်ကြီးကြီးငယ်ငယ်များသာမက အစေခံများ၊ အစောင့်များကိုပါ ခေါ်ဆောင်ကာ ပျားပန်းခပ်မျှ စည်ကားလွန်းလှသည့် မြို့ထဲလမ်းမကြီးသို့ ချီတက်လာခဲ့ကြသည်။ လီချင်းတို့ ညီအစ်ကို၊ မောင်နှမအုပ်စုသည်ကား အိမ်ဝင်ပေါက်မှ ထွက်လိုက်သည်နှင့် မိမိတို့သွားလိုရာသို့ သွားရန် အုပ်စုကွဲသွားကြ၏။

အကြီးဆုံးသားဖြစ်သူ လီချုံးယင်သည်ကား ပွဲတော်ရက်၌ပင် မအားလပ်နိုင်ဘဲ စာရင်းအင်းများတွက်ချက်ကာ စီးပွားရေးအမြတ်ထုတ်ရန်အတွက် အကွက်ချောင်းနေသည်။ တတိယမြောက်သား လီချုံးရွှမ်မှာ ဇနီးမယားနှင့်သားအား ခေါ်ဆောင်ကာ ဘုံကျောင်းပျော်ပွဲရွှင်ပွဲအား သွားရောက်ဆင်နွှဲရန် ထွက်ခွာသွားလေသည်။ စတုတ္ထမြောက်သမီး လီချုံးထုံမှာ မည်သည့်အရပ်သို့ ဦးတည်သွားသည်ကိုဖြင့် မည်သူမျှမသိနိုင်ချေ။ လေအလျင်ဖြင့် ဝှီးခနဲ ခုန်ပေါက်ပြေးသွားလေသည်။ ပဥ္စမြောက်သား လီချုံးစစ်မှာ သခင်လေးအချို့အား ပညာပြရန်အတွက် လက်သီးလက်မောင်းတန်းကာ ထွက်သွား၏။ ကျွန်ုပ်တို့၏ ချစ်လှစွာသော ဒုတိယမြောက်သား လီချုံးချင်းသည်ကား အငယ်ဆုံးလေးဖြစ်သည့် လီချုံးပိုင်နှင့်အတူ အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့သည်။

လီချင်းမှာ သူ၏ညီငယ်လေးအား လက်ဆွဲရင်း ပွဲတော်အနှံ့ ချိတ်တန်းထားသည့် မီးပုံးမီးအိမ်များ၊ အရုပ်များအား စိတ်လှုပ်တရှား လက်ညှိုးထိုးပြသပေးနေခဲ့သည်။ လမ်းတစ်လျှောက်လုံး ချိတ်ဆွဲထားသည့် ရောင်စုံမီးအိမ်လေးများမှာ အရှေ့လေက ဆောင်ကြဥ်းတိုက်ခတ်လာသည့် ပန်းမာလာပေါင်း ထောင်သောင်းချီနှင့်ပင် တူနေတော့သည်။ ပုလွေသံလေးများကလည်း လေကြောင်းတစ်လျှောက် ပျံ့လွင့်သာယာနေပြီး တရုတ်နဂါးအကများမှာလည်း ပွဲတော်အား ပို၍ခမ်းနားကြီးကျယ်အောင် အစွမ်းကုန်ပံ့ပိုးပေးလျက်ရှိသည်။

ပွဲတော်အား ဘေးဘယ်ညာတောက်လျှောက် ကြည့်ရှုလျှောက်လှမ်းလာရင်း တစ်နေရာအရောက်၌ ခြေလှမ်းများက ရပ်တန့်သွားရသည်။ နှလုံးခုန်သံများမှာလည်း ပိုမိုမြန်ဆန်လာသယောင်။ ရာထောင်ချီသော လူအုပ်အလယ်၌ သူ့အတွက် အရေးပါဆုံးသော လူတစ်ယောက်အား အဝေးမှ မြင်လိုက်သလိုရှိ၍ မျက်လုံးအား လက်နှစ်ဖက်ဖြင့် မြန်မြန်ပွတ်ကာ ခေါင်းထောင်၍ ပိုက်စိပ်တိုက်ရှာဖွေနေမိသည်။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now