Chapter-6 (Part 2)

2.2K 381 15
                                    

UNICODE

(ဒုတိယပိုင်း)

(စုန့်ယွိက သာမန်လူအဖြစ် လူကြားထဲမှာ စကားပြောရင် ငါ '我' လို့ ကိုယ့်ဘာသာကိုယ် သုံးပြီး လီချင်းနဲ့ နှစ်ယောက်တည်းရှိရင်တော့ ကိုယ်တော် '朕' လို့  သုံးပါတယ်တဲ့။)

မီးပုံးပွဲတော်ကြီး၌ တိုးဝှေ့အုံထကာ စင်မြင့်ထက်က ယဥ်တစ်ကိုယ်မယ်လေးများ၏ အဆိုအကအလှများကို လည်တဆန့်ဆန့် ရှုစားသူများကတစ်မျိုး၊ ရယ်ကာ မောကာ ရွှင်မြူးစွာဖြင့် ရှေးဟောင်းနှောင်းဖြစ်များကို ပြောကာ အမြည်းအား အရသာခံသုံးဆောင်နေသူများကတစ်ဖုံ စည်ကားသိုက်မြိုက်နေပေသည်။

ပွဲတော်ရာ၌ ဖျော်ဖြေရေးအစီအစဥ်များကလည်း တစ်မျိုးနှင့်တစ်မျိုး မရိုးနိုင်၊ မပျင်းနိုင်လေအောင် တင်ဆက်ပေးလျက်ရှိသည်။ မြို့သူမြို့သားများမှာလည်း ပွဲတော်၏ ပျော်ရွှင်ဖွယ်အငွေ့အသက်ကြား၌ နစ်ဝင်လျက်ရှိကာ အိမ်ပြန်ဖို့အရေးပင် မတွေးမိတော့ချေ။ စုန့်ယွိ၊ လီချင်းအပါအဝင် ဆယ်ယောက်ကျော်သော လူအုပ်စုမှာလည်း မြို့ထဲလမ်းမကြီးတစ်လျှောက် တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက် ပွဲတော်အား လှည့်လည်ဆင်နွှဲနေလေသည်။ ထို့နောက် မီးရှူးမီးပန်း မဖောက်လွှတ်ခင် မြစ်ကမ်းနား၌ လေညင်းခံမည့် လူတန်းရှည်ကြီးနောက်သို့ လိုက်သွားကြ၏။ လူအုပ်ကြီးထူထပ်ပုံမှာ ပခုံးအချင်းချင်းတိုက်မိသူက တိုက်မိ၊ ခြေထောက်နင်းမိ၍ ချော်လဲသူက ချော်လဲ.. စသည်ဖြင့် သွားလိုရာ လမ်းကြောင်းအား အတင်းတိုးဝှေ့၍သာ သွားနိုင်သည်။ လီချင်းတို့အုပ်စုသည်လည်း တိုးကြဝှေ့ကြရင်းဖြင့် အချင်းချင်း လူစုကွဲသွားကြလေသည်။

လီချုံးချင်းမှာလည်း ကလေးတစ်သိုက် တိုးဝှေ့ခံရ၍ စုန့်ယွိနှင့် လူစုကွဲခါနီး၌ စုန့်ယွိက လက်အားဆန့်တန်းပြီးနောက် လီချင်း၏ လက်ကောက်ဝတ်အား ဆွဲကိုင်ကာ သူ့ဆီသို့ပြန်လာစေ၏။ ထို့နောက် စုန့်ယွိက လက်မောင်းမြှောက်ပြီး လီချင်း၏ပခုံးအား ပွေ့ဖက်လိုက်ကာ လုံလုံခြုံခြုံဖြင့် သူ့ဘေးနား၌ မလွှတ်တမ်း နေစေ၏။

လီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စုန့်ယွိ၏ ကျယ်ပြန့်လှသော ရင်အုပ်နှင့် လက်မောင်းများအကြား ဖိသိပ်ခံထားရလေသည်။ နှစ်ဦးသား၏ အရပ်အမြင့်ကလည်း ကွာခြားသည့်အပြင် လီချင်းမှာ စုန့်ယွိလောက် ခန္ဓာကိုယ်တောင့်တင်းခိုင်မာခြင်းလည်း မရှိပေ။ ထို့ကြောင့် လီချင်းက သူ့ကိုယ်သူ သစ်ပင်ကိုယ်ထည်တစ်ခု၌ တွဲလောင်းချိတ်ခိုနားနေသည့် ငှက်ကလေးဟုပင် သိမ်သိမ်ငယ်ငယ် ခံစားလာမိသည်။ ထိုကဲ့သို့သော အနေအထားမျိုးကြောင့် လီချင်းမှာ ကြက်သီးမွေးညင်းထကာ အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။ သူသည် စုန့်ယွိအား တွန်းဖယ်ချင်သော်လည်း အတင်းကာရော တိုးဝှေ့နေကြသည့် လူအုပ်ကြီးကြောင့် ခြေလှမ်းတစ်လှမ်းမျှပင် မလှမ်းနိုင်တော့ပေ။ တစ်ဖက်လူကလည်း သူ့အား လူစုမကွဲသွားစေရန် သူ၏လက်မောင်းများအကြား၌ ပို၍နီးကပ်စွာ၊ ပို၍မြဲမြံစွာ ဖက်တွယ်ထားလျက်ရှိသည်။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now