Chapter-6 (Part 1)

2.3K 398 3
                                    

UNICODE

(ပထမပိုင်း)

ချူးနမ်သည် တာ့ရှိုးတိုင်းပြည်၏ တောင်ဘက်အကျဆုံးအပိုင်းတွင် တည်ရှိလေသည်။ တောင်ခုနစ်ဆင့်ဝန်းရံထားပြီး မြင်လေသမျှဟာ တောင်ကတုံးများသာ ဖြစ်ကာ ကျောက်စရစ်ကျောက်ခဲချိုင့်ဝှမ်းများမှာလည်း အနှံ့အပြားပင်။ ပုန်ကန်ထကြွသောင်းကျန်းသူများမှာလည်း ဟိုတစ်စသည်တစ်စဖြင့် ထိန်းမနိုင်သိမ်းမရ ရှိလေ၏။

ယခင်အချိန်ကာလများ၌ ချူးနမ်ဒေသမှာ မျိုးနွယ်စုတစ်စုက လွှမ်းမိုးအုပ်ချုပ်သည့် ပုဂ္ဂလိကနယ်ပယ်တစ်ခုဖြစ်ခဲ့ဖူးချေသည်။ ထို့နောက်တွင်တော့ တာ့ရှိုးက သိမ်းပိုက်လိုက်ကာ ရာဇဝတ်သားများအား ပြည်နှင်ဒဏ်ပေးသည့် အရပ်ဒေသတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ မိမိကိုယ်ကိုယ် အမှားပြင်ဆင်ရန် စဥ်းစားတွေးခေါ်ရာ အရပ်ဖြစ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ စိတ်ဓာတ်များမှာ ယိုယွင်းပျက်စီးလာခဲ့တော့သည်။

အနှီဒေသအား စည်းမျဥ်းစည်းဘောင်ကင်းမဲ့ကာ အုပ်ချုပ်မှုလွတ်နေသည့် ပြည်နယ်တစ်ခုအဖြစ်မှ ပြောင်းလဲရန် ရည်ရွယ်၍ တရားစီရင်ရေးဌာနက တပ်သားများ၊ အရာရှိများအား စေလွှတ်ထိန်းသိမ်းစေခဲ့ပါသော်လည်း ခေါင်းမာကာ ရိုင်းစိုင်းလွန်းလှသည့် ဒေသခံများက ယခင်ကအတိုင်း ပုန်ကန်ထကြွသောင်းကျန်းမြဲဖြစ်သည်။ ရှစ်ဆယ်ရာခိုင်နှုန်းလောက်သော အမျိုးသားများက ရုန့်ရင်းကြမ်းတမ်းကာ ခြယ်လှယ်ဗိုလ်ကျလွန်းသူများ ဖြစ်လေသည်။ ကိုးဆယ်ရာခိုင်နှုန်းလောက်သော မိန်းမများကလည်း ကောက်ကျစ်စဥ်းလဲကာ အပေါက်ဆိုးလှသည့် စွာတေးလန်များဖြစ်ကြ၏။ လမ်းခဏလောက် ထွက်လျှောက်လိုက်သည်နှင့် 'သေနာကန်းဆိုးကောင်၊ သေချင်းဆိုးမ၊ သေနာမ' စသည့် အသံတစာစာကို နားဝင့်မခံသာအောင် ကြားရလိမ့်မည်သာ။ လမ်းမထက်၌ မညှာမတာ ရန်ဖြစ်သတ်ပုတ်ကြသည့်အခါများ၌လည်း ယောက်ျား၊ မိန်းမ ခွဲခြားခြင်းရှိမနေ။ ကြက်များကလည်း နေရာအနှံ့ ကတွတ်ထိုးနေကာ ခွေးများမှာလည်း ဟိုခုန်သည်ခုန် ဟိုဆွဲသည်ဆွဲဖြင့် ဝန်းကျင်တစ်ဝိုက် ရုန်းရင်းဆန်ခတ်ဖြစ်လို့နေတော့သည်။ မည်သူကမှ မည်သူ့အပေါ်၌ ရှိမနေပါသလို မည်သူကမှလည်း အသာစီးမရနိုင်ပါချေ။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now