Chapter-9 (Part 3)

3.2K 410 4
                                    

UNICODE

(တတိယပိုင်း)

တာ့ရှိုးဧကရာဇ်နှင့် အခမ်းအနားရေးရာလက်ထောက်ဝန်ကြီးတို့မှာ ဖြည်းဖြည်းမှန်မှန်လေးဖြင့် သူတို့၏ ချစ်ခရီးအား လျှောက်လှမ်းခဲ့ကြသည်။ တစ်ဖက်တွင် ဝေ့ရှောင်မြောင်က သူတို့နှစ်ဦး၏ တိတ်တခိုးချစ်ဇာတ်လမ်းလေးအား ဖုံးကွယ်ထားပေးသည့်အပြင် ကျန်တစ်ဖက်၌လည်း အရပ်အမောင်း မြင့်မားကာ ရုပ်ရည်ချောမောလှသည့် တာ့ရှိုးဧကရာဇ်က သာမန်ရိုးကျအရာရှိလေး လီချင်းအား ချစ်ခင်စုံမက်လိမ့်မည်လို့ မည်သူမှ မထင်ခဲ့ချေ။ ထို့အပြင် စုန့်ယွိမှာ အမျိုးသားအခြွေအရံများလည်း မထားရှိဖူးခဲ့ပေ။ ထို့ကြောင့်လည်း စုန့်ယွိနှင့် အင်မတန်နီးကပ်သည့်သူများကသာ သူတို့၏ ချစ်ဇာတ်လမ်းအား ထဲထဲဝင်ဝင် သိကြလေသည်။

တစ်နွေကုန်၍ နောက်တစ်နွေရောက်ခဲ့ချေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနှီလူသားနှစ်ဦး အတူတူရှိခဲ့သည်မှာ ခြောက်နှစ်တိုင်သွားပြီဖြစ်​၏။ တစ်ယောက်နှင့် တစ်ယောက်မှာ ကော်ကဲ့သို့ မခွဲနိုင်မခွာနိုင်ရှိနေသည် မဟုတ်သော်လည်း တစ်နေ့ပြီးတစ်နေ့ ရစ်တွယ်လာခဲ့သည့် သံယောဇဥ်ကြောင့် တစ်ယောက်နားမှ တစ်ယောက် ခွဲမထွက်သွားနိုင်သည့် နက်ရှိုင်းလှသည့် ခံစားချက်များ ပေါ်ပေါက်လာခဲ့ရလေသည်။

ယခုနှစ်တွင်တော့ လီချင်းမှာ ထောက်လှမ်းရေးတာဝန်အတွက် ချူးနမ်ဒေသသို့ စေလွှတ်ခြင်းခံခဲ့ရ၏။ နှစ်ဦးသားခွဲခွာဖြစ်ခဲ့လျှင်ပင် နှစ်တစ်ဝက်ထက် ပိုမကြာပါချေ။ လီချင်းမှာ ချူးနမ်ဒေသမှ ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူနှင့် စုန့်ယွိ၏ အတွင်းရေးကိစ္စများမှာ အတော်အတန့် ပြန့်ပွားလျက်ရှိကြောင်း သိရလေသည်။

'ပျိုနီပန်းတွေ ပွင့်တဲ့အခါ ဖြည်းဖြည်းလေးသာ ပြန်လာခဲ့ပါ'

ဝူယွဲ့ဧကရာဇ်က ထိုကဗျာစာသားလေးအား မိဘရှိရာ မွေးရပ်မြေထံသို့ သွားလည်သည့် ကြင်ယာတော်ဝမ်အား ပေးပို့ခဲ့လေသည်။ အပေါ်ယံအရဆိုလျှင် ကြင်ယာတော်ဝမ်အား မြို့တော်သို့ အလျင်မလိုဘဲ ပြန်လာခဲ့ပါဟု အဓိပ္ပာယ်ရသော်လည်း နက်နဲလှသည့် စကားလုံးတိုတိုလေးများမှာကား သူမအား စောနိုင်သမျှ စောစောပြန်လာခဲ့ရန် အမှာတော်ရှိနေသည့် ဝူယွဲ့ဧကရာဇ်၏ လွမ်းဆွတ်တမ်းတခြင်းများကို ခံစား၍ရပေသည်။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now