Chapter-7 (Part 2)

2.2K 375 3
                                    

UNICODE

(ဒုတိယပိုင်း)

ကဲ... လွန်ခဲ့သော ခြောက်နှစ်၊ မီးပုံးပွဲတော်ပြီးနောက် ပထမဆုံးသော နံနက်ခင်းညီလာခံအချိန်သို့ ပြန်လည်သွားကြပါစို့​​။ 'လေညင်းရယ်.. ပန်းပွင့်ရယ်.. ဆီးနှင်းရယ်.. လဝန်းရယ်.. ပြီးတော့ အရှင်နဲ့ ကျွန်တော်ရယ်' ဆိုသည့် ရောင်းအားအကောင်းဆုံးစာအုပ်၏ ပထမဆုံးအခန်းကဏ္ဍဖြစ်သော အပိုင်း(၁) ဆီသို့...။

မနက်ခင်းညီလာခံပြီးနောက် လီချုံးချင်းအား စုန့်ယွိက သီးသန့်ခေါ်တွေ့လေ၏။ လီချင်းမှာ ရှိသမျှ သတ္တိများအား စုစည်း၊ တင်ပါးကို ကျုံ့ကာ တော်ဝင်စာကြည့်ဆောင်တွင် စုန့်ယွိနှင့်တွေ့ဆုံရန်အတွက် ဝေ့ရှောင်မြောင်ခေါ်ရာနောက်သို့ တကောက်ကောက်လိုက်ပါလာတော့၏။

"အရှင်.. အရာရှိလီ ရောက်လာပါပြီ"

ဝေ့ရှောင်မြောင်က လီချင်းအား တော်ဝင်ရုံးခန်းထဲသို့ အတူဝင်လိုက်လာစေသည်။ ထို့နောက် ဝေ့ရှောင်မြောင်က ဧကရာဇ်၏ ဘေးသို့သွားကာ မင်သွေးပေးနေ၏။

"ကျွန်တော်မျိုး ဂါရဝပြုပါတယ်"

လီချင်းမှာ စုန့်ယွိနှင့် အဝေးဆုံး... အဝေးဆုံးသော နေရာတွင် ရပ်ကာ ခစား၏။ ဤသည်က တော်ဝင်ရုံးခန်းထဲသို့ တစ်ယောက်တည်း သီးသန့် ဆင့်ခေါ်ခြင်းခံရသော ပထမဦးဆုံးအကြိမ်ဖြစ်လေသည်။

"နည်းနည်းလေး တိုးလာပါလား"

စုန့်ယွိက စာရွက်စာတမ်းများအား မျက်လုံးမှမခွာသေးဘဲ မိန့်ဆိုလိုက်သည်။

စုန့်ယွိ၏ အမိန့်တော်ကြောင့် လီချင်းက ခြေလှမ်းတစ်လှမ်းကြီးပင် တိုးလာ၏။

"ထပ်တိုးဦး"

လီချင်းက ထပ်မံ၍ ခြေလှမ်းသေးသေးလေး တစ်လှမ်း ထပ်လှမ်း၏။

"ကိုယ်တော့်အရှေ့ကို လာပြီး ခေါင်းမော့လှည့်"

လီချင်းက စိတ်ထဲမှ ကြိတ်၍ သက်ပြင်းဖွဖွချလိုက်ကာ လေးလံလှသော သူ၏ ခြေလှမ်းများဖြင့် ဧကရာဇ်ရှေ့တော်မှောက်သို့ ရောက်လာသည်။ ခေါင်းမော့လိုက်သော်လည်း စုန့်ယွိအား မျက်နှာချင်းဆိုင် ကြည့်နိုင်စွမ်းမရှိသောကြောင့် မျက်တောင်ရှည်များ၏ အကူအညီဖြင့် မျက်လုံး အောက်စိုက်ကြည့်နေဆဲဖြစ်၏။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now