Chapter-9 (Part 2)

2.1K 381 1
                                    

UNICODE

(ဒုတိယပိုင်း)

'စုန့်မိသားစုဝင်အဖြစ် ရှင်သန်လာခဲ့ပြီးဖြစ်၍ စုန့်ဝိညာဥ်အဖြစ်သာ ကြွေလွင့်ရမည်' ဟူသောစကားဟာ စုန့်ယွိ ဖန်တီးခဲ့သည့် စာသားများ မဟုတ်ရပါချေ။ ဤသည်က အသိဉာဏ်ပညာ ကြီးမားလှပါသော မင်းဆရာကြီး၏ ရွှေနှုတ်တော်မှ ထွက်လာခဲ့ခြင်းသာ ဖြစ်သည်။ ဤသည်ကို ကြားသည့်အခါ လီချင်းမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့ရသည်။

ကဲ..လာ.. ပုံပြင်လေးကို အဆုံးထိ ဆက်ဖတ်သွားကြရအောင်..။ ပိုင်ယွိဘုရားကျောင်းသို့ သွားရောက်ကာ ဘိုးဘေးဘီဘင်များအား ဂါရဝသွားပြုရန်အတွက် စုန့်ယွိက လီချင်းအား ဆင့်ခေါ်သည့်နေ့ကို ပြန်သွားကြပါစို့။ လမ်းတစ်လျှောက် သူတို့နှစ်ယောက်လုံး၏ နှလုံးသားမှာ မျောက်များအငြိမ်မနေသကဲ့သို့ တသိမ့်သိမ့်လှုပ်ရှားနေ​၏။ အတွေးများသည်လည်း ကဆုန်ခေါက်ပြေးလွှားနေသည့် မြင်းများအတိုင်းပင် မငြိမ်မသက်ဖြစ်လို့နေသည်မှာ ပိုင်ယွိဘုရားကျောင်းအား ဆိုက်ရောက်သည်အထိပင်။ ဘုရားကျောင်းအပေါက်ဝ၌ ကျောင်းထိုင်ဆရာတော်ဖြစ်သည့် မင်းဆရာကြီးက ခရီးဦးကြိုဆိုရန်အတွက် စောင့်ဆိုင်းလျက်ရှိသည်။

ပိုင်ယွိဘုရားကျောင်းသည်ကား တော်ဝင်မိသားစုဘိုးဘေးပိုင် ဘုရားကျောင်းဖြစ်လေရာ တော်ဝင်မိသားစုဝင်များသာ အထဲသို့ ဝင်ခွင့်ရှိ၏။ ဧကရာဇ်နှင့် အတူလိုက်ပါလာကြသော အရာရှိများမှာတော့ ဘုရားကျောင်းအပြင်ဘက်၌သာ စောင့်ဆိုင်းကြရမည်ဖြစ်သည်။ သို့သော်လည်း စုန့်ယွိက လီချင်းအား သူနှင့်အတူ ဘုရားကျောင်းထဲ လိုက်ခဲ့စေကာ ဘုရားဝတ်ပြုပူဇော်ရန်အတွက် ပို၍ အတွင်းဘက်ကျသော နေရာအထိပါ ခေါ်ဆောင်သွားစေလေ၏။

ဘုရားကျောင်းဆောင်၌ အမြင့်ကိုးထပ်ရှိကာ အမြင့်ဆုံးသုံးထပ်မှာ မြတ်ဗုဒ္ဓဘုရားရှင်အား ပူဇော်ရန်ဖြစ်ပြီး အလယ်သုံးထပ်မှာ ကွယ်လွန်လေပြီးသော ဘိုးဘေးဘီဘင်အား ဂါရဝပြုရန်ဖြစ်ကာ အောက်သုံးထပ်မှာကား တာ့ရှိုး၏ ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား အရိုအသေပေးရန်ဖြစ်လေသည်။ စုန့်ယွိက လီချင်းအား အမြင့်ဆုံးထပ်အထိ လိုက်ပါလာစေ၏။ မင်းဆရာက အသက်ကြီးရင့်နေပြီဖြစ်၍ မလိုက်သွားတော့ဘဲ ငယ်ရွယ်သော ဘုန်းကြီးနှစ်ပါးအား သူတို့နှင့်အတူ လှေကားလိုက်တက်ခိုင်းလိုက်လေသည်။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now