Chapter-4 (Part 2)

2.4K 434 10
                                    

UNICODE

(ဒုတိယပိုင်း)

လီချင်း၏ ပခုံးဒဏ်ရာ ပိုမိုဆိုးရွားခဲ့ရသည့် အကြောင်းရင်းမှာ ဓားရှည်၏ သံချေးတက်ကာ တုံးနေသော အပိုင်းကြောင့်ဖြစ်သည်။ သို့ရာတွင် ထိုဓားတုံးကြီးမှာ ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများ၊ သွေးပြန်ကြောများ၊ သွေးလွှတ်ကြောများအား ဆိုးဆိုးရွားရွား ထိခိုက်မိခြင်းမရှိသောကြောင့် လီချင်းတစ်ယောက် အသက်ဘေးမှ သီသီလေး လွတ်ခဲ့ခြင်းဖြစ်သည်။ ခြုံငုံပြောရမည်ဆိုလျှင် သေစေနိုင်သည့် မတော်တဆမှု ဖြစ်ပွားခဲ့ပါသော်လည်း ထိုအရာကပင် လီချင်းအား ကြောက်ရွံ့ဖွယ် အန္တရာယ်မှ တားဆီးပေးနိုင်ခဲ့၏။ ဦးနှောက်သိပ်မကောင်းသည့် လုပ်ကြံသူ၏ စွမ်းရည်ကပင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်ဟု ပြောရမည်လော။ သောက်ကျိုးနည်း ထူးကဲလှသည့် အရည်အချင်းတစ်ရပ်ပင် ဖြစ်သည်။

တော်ဝင်သမားတော်ကြီး၏ကုသမှုနှင့် နန်းတွင်းထဲမှ အဖိုးတန်ရှားပါးလှသည့် ဆေးမြစ်ဆေးဝါးများအား မှီဝဲသုံးစွဲနိုင်ခဲ့ခြင်းကြောင့် ပခုံးဒဏ်ရာမှာ အချိန်တိုအတွင်း သက်သာပျောက်ကင်းသွားရတော့သည်။ ချောချောမွေ့မွေ့ပင် နာလန်ပြန်ထူလာနိုင်၏။ သားသတ်သမားလက်ထဲ ကျရောက်တော့မည့် ကြက်ပေါက်လေးကဲ့သို့ အော်ကြီးဟစ်ကျယ် ငိုယိုစရာ မလိုတော့ချေ။

အိမ်၌ အနားယူနေသည့် နှစ်လအတွင်း လီချင်းမှာ အထူးတလည် အလိုလိုက်ခံထားရလေသည်။ မိသားစုတစ်စုလုံးက နှစ်ဆတိုး၍ ဂရုစိုက်ပေးခဲ့သည်။ မိမိအသက်ထက် ငွေကြေးဥစ္စာကို ပိုမိုတန်ဖိုးထားသည့် လီချုံးယင်သည်ပင် သူ့ညီတော်မောင်အတွက် အထက်တန်းစား အင်အားသွေးသားဖြစ်စေသည့် ဆေးဝါးများကို နှမြောတသဖြစ်ခြင်းမရှိဘဲ နေ့စဥ်နေ့တိုင်း ဝယ်ယူပေးခဲ့သည်။ သို့သော်ငြား ခါတိုင်းကဲ့သို့ပင် နှုတ်ကြမ်းမြဲဖြစ်၏။

"မင်း အရမ်းနုဖတ်မနေနဲ့။ မင်းရဲ့ဒီအစ်ကိုကြီးက မင်းကိုအားကိုးပြီး ဝန်ကြီးဌာနတွေနဲ့ အဆက်အသွယ်လုပ်ဖို့ စောင့်နေတာကွ။ ငါ့ရဲ့ ရှားရှားပါးပါး သမင်ချိုတွေနဲ့ နှစ်ရာချီ ဂျင်ဆင်းတွေကို မဖြုန်းတီးစမ်းနဲ့။ မြန်မြန်ကျန်းမာအောင်နေပြီး နန်းတော်ထဲ ပြန်ဝင်တော့"

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now