Epilogue

5.3K 557 49
                                    

UNICODE

နိဂုံး

လီချုံးချင်း ပြန်လာပြီတဲ့ဟေ့။

ဤသည်မှာ တော်ဝင်ညီလာခံ၌ တစ်ရက်ပြီးတစ်ရက် လျှို့ဝှက်စွာ တိုးတိုးတိတ်တိတ်ပြောနေကြသည့် သတင်းတစ်ပုဒ်ဖြစ်ချေသည်။

တော်ဝင်စာကြည့်ဆောင်ရှိ ဟနေသည့် အခန်းတံခါးပေါက်လေးထံမှ ချောင်းကြည့်ခဲ့ကြသည့် မြောက်များလှစွာသော အရာရှိမှူးမတ်တို့မှာ လီချင်းအား တွေ့မြင်ခဲ့ရပေသည်။ အခမ်းအနားရေးရာ လက်ထောက်ဝန်ကြီးလေးမှာ ဧကရာဇ်အရှင် နံဘေး၌ ခေါင်းအုံးလေးဖြင့် အေးဆေးသက်သာစွာ လှဲအိပ်နေလိမ့်မည်ဟု မည်သူကများ တွေးထင်ခဲ့ကြအံ့နည်း။

ဒေါင်လိုက်ပဲကြည့်ကြည့်၊ အလျားပဲကြည့်ကြည့် မည်သည့်ရှုထောင့်က ကြည့်ပါစေမူ အခမ်းအနားရေးရာ လက်ထောက်ဝန်ကြီးလေး၏ ပုံပန်းသွင်ပြင်မှာ တိုင်းပြည်ဧကရာဇ်ကို အချစ်နွံထဲ နစ်ဝင်သွားအောင် ဆွဲဆောင်နိုင်သည့် အလှနတ်ဘုရားတစ်ပါးနှင့် လားလားမျှ တူမနေပါချေ။ တိုင်းသူပြည်သားများအားလုံးမှာ တိုင်းပြည်အရှင်ကိုယ်တိုင်က သူ့အား အမြဲတစေ မျက်နှာသာပေးသည့်အပေါ်ကိုလည်း အလွန့်အလွန် အားကျကြသည်။

တော်ဝင်ညီလာခံ၌လည်း အနှီကိစ္စနှင့် စပ်လျဥ်း၍ သုံးဖွဲ့ ခွဲထွက်သွားလေသည်။ ပထမအဖွဲ့မှာ ထောက်ခံသူများဖြစ်ကာ ဒုတိယအဖွဲ့မှာတော့ ဆန့်ကျင်သူများဖြစ်ပြီး နောက်ဆုံးအဖွဲ့မှာ မည်သည်ကိုမျှ ထင်မြင်ချက်မရှိကာ ဧကရာဇ် စိတ်ရွှင်လန်းဝမ်းမြောက်နေလျှင် ကျေနပ်ပြီဟူသော လူများပင်ဖြစ်၏။

လူအပေါင်းအား အံ့အားသင့်သွားစေသည့်အချက်မှာကား ယခင်က လီချုံးချင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည့် ဝန်ကြီးရွှီကိုယ်တိုင်ကပင် လက်ခံသည့်အဖွဲ့၏ ခေါင်းဆောင်ဖြစ်နေခြင်းပင်။ အတော်များများ၏ မေးရိုးများ မြေကြီးပေါ်  ကျသွားရလောက်သည်အထိ တအံ့တဩဖြစ်သွားကြလေသည်။

လူသည် လူပင်ဖြစ်ကာ.. အကြောင်းအရာဟူသည်လည်း အကြောင်းအရာပင် ဖြစ်ချေ၏။ လီချင်း၏ ကံမှာ အတော်အတန် ကောင်းမွန်လှသည်ဟု ဆိုနိုင်ပေသည်။ ဝန်ကြီးချုပ်ရွှီပြောကြားသည်မှာ ယခုအချိန်မှစတင်၍ လီချင်း ညီလာခံ၌ အမှားလုပ်ခဲ့လျှင်ပင် အပြစ်မဆိုဘဲ နောင်လာနောက်သားများက စံနမူနာထား၍ ဤသည်ကို ပယ်ရှားရမည်ဖြစ်သည် ဟူ၍။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now