🌷 အပိုင်း - ၁၈ 🌷ဘုရင့်အိပ်ဆောင်တော်ရှေ့က နန်းရင်ပြင်တွင် ခိုက်ခိုက်တုန်အောင်ချမ်းသည့် ဆောင်းလေဒဏ်ကို အံတုကာ ဒူးထောက်ထိုင်နေသည့် စောကေသာ။ မြူတွေကြားထဲမှာမို့ ရှည်လားပျော့ပျောင်းသည့် ဆံနွယ်စတို့ဟာ နန်းရင်ပြင်ထက်တွင် ပုံကျနေလျက် ဆီးနှင်းတို့ဖြင့် စိုစွတ်နေ၏။ တဆတ်ဆတ် တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးဟာလဲ တစ်ချက်တစ်ချက် ဆောင်းလေဝေ့လိုက်တာနဲ့ ပြိုလဲတော့မယောင်ပင်။ ညထဲက အသနားခံရန် အပြေးလာခဲ့ပေမယ့် အရှင်မင်းကြီးစက်တော်ခေါ်နေသည်မို့ မပြန်ပဲ တစ်ညလုံး ထိုင်စောင့်နေခြင်းပင်။
မယ်ဇီ အနားမှာ ရပ်နေရင်း သခင်မလေးကို မကြည့်ရက်နိုင်စွာ မချိတင်ကဲ ငေးကြည့်နေမိသည်။ ထီးမိုးပေးတော့လဲ လက်မခံ ၊ ခြုံလွှာထပ်ပေးတော့လဲ အသနားခံခြင်း အထမမြောက်မည်စိုးကာ ငြင်းဆန်တာမို့ ငေးသာကြည့်နေရသည်။
နန်းဆောင်တံခါး ပွင့်လာပီးနောက် အစောရှေ့တွင် လာရပ်သည့် ဘုရင့်ရွှေဖိနပ်။ အစော ၀မ်းသာအားရ မော့ကြည့်လိုက်မိတော့ ဘေးမှာ အတိုင်ပင်ခံအမတ်နဲ့အတူ အစောကို ကြည့်ရင်း....
" ဘာ တောင်းဆိုချင်တာလဲ စောကေသာ။"
" ကျွန်တော်မျိုးမကို ဇနီးသည်တစ်ယောက်တာ၀န် ကျေပွန်ခွင့်ပေးပါ အရှင်။"
အစော စကားကို နားမလည်သလို မျက်မှောင်ကျူံ့သွားသည့် အရှင်မင်းကြီး။
" ဘယ်လိုမျိုးလဲ စောကေသာ။"
" ဇနီးသည်ဆိုတာ ခင်ပွန်းနဲ့ ဆိုးတူကောင်းဖက်ပါ အရှင်မင်းကြီး။ န၀မင်းသားဟာ ကျွန်တော်မျိုးမ ရဲ့ ခင်ပွန်းပါ။ ကျွန်တော်မျိုးမပါ အတူတူ အချုပ်ဆောင်ထဲ ၀င်ပါရစေ အရှင်။"
မြေပြင်ပေါ် ဦးညွှတ်ချရင်း ပြောလာသည့် အစောစကားကို သူ့ရှင်က ခေါင်းခါယမ်းရင်းမှ သက်ပြင်းချကာ...
" အပြစ်ရှိသူပဲ အပြစ်ခံရမှာ စောကေသာ။ ဘယ်သူမှ ကူလို့ မရဘူး။ မင်းမှာ အပြစ်မှ မရှိပဲ။ အပြစ်မရှိတဲ့ မင်းကို အချုပ်ဆောင်ထဲ ထည့်ရင် ကိုယ်တော်ဟာ တရားမျှတမှူမရှိတဲ့ ဘုရင်ဖြစ်သွားလိမ့်မယ်။"