🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

750 38 0
                                    


             🌷 အပိုင်း - ၂၅ 🌷

ဖူးပွင့်လာသည့် မုန်လာပွင့်လေးတွေကို ရေလိုက်လောင်းပေးနေရင်းမှ နဖူးတွင်စို့တက်လာသည့် ချွေးစတို့ကို လက်ဖမိုးလေးဖြင့် ဖိသုတ်လိုက်တော့ လက်တွင်ပေကျံနေသည့် မြေစမြေမှုန်တို့က နဖူးတွင် ပေကျံကုန်သည်။

" သခင်မလေး.....မယ်ဇီလုပ်ပါ့မယ်။ ရေမှုတ်ကို ချထားလိုက်ပါ။"

အပြင်ကပြန်လာသည့် မယ်ဇီက ရေမှုတ်ကိုင်ကာ ရေလိုက်လောင်းနေသည့် အစောကို မြင်တော့ ကမန်းကတန်း လက်ထဲက ဆန်ထုပ်လေးကို ချကာ ရေမှုတ်အား ပြေးလုရှာသည်။ မယ်ဇီအပြင်ထွက်ပြီး အလုပ်သွားလုပ်မှသာ ဆန်ရနိုင်တော့မည်မို့ အစော တားချင်ပေမယ့် အစောက အပြင်ထွက်ခွင့် မရှိသူ မဟုတ်လား။

" အစော လုပ်နိုင်ပါတယ် မယ်ဇီရယ်။ "

" ဘာလုပ်နိုင်တာလဲ သခင်မလေးရဲ့.... ဒီအရွယ်ထိ ပင်ပင်ပန်းပန်း ဘာလုပ်ဖူးလို့ လုပ်နိုင်မှာလဲ။ အရင်ကထက် အများကြီး ပိန်ကျသွားတာ သခင်မလေး သိရဲ့လား။ အခု လေတိုက်ရင်တောင် သခင်မလေးက လဲကျနိုင်တယ်... အီးဟီး!! "

ပြောလဲပြော ၀မ်းပန်းတနည်း ငိုချလိုက်သည့် မယ်ဇီ့ကို ကြည့်ကာ အစော မှိန်ဖျော့စွာ ပြုံးမိ၏။ အစော မပင်ပန်းဘူးလို့ မပြောပါ... ပင်ပန်းတာပေါ့။ ဒါပေမဲ့ သူ့ကို ဒီလိုလေးပဲဖြစ်ဖြစ် စောင့်နေနိုင်တာ ကျေနပ်သည်။

ယူကြုံးမရဖြင့် ၀မ်းပန်းတနည်း ငိုကြွေးနေသည့် မယ်ဇီ့ကို နှစ်သိမ့်ရင်း ထွေးဖက်ထားသည့် သခင်မလေး။ အရင်လို ရွှေခြည်ထိုး လုံခြည် ၊ ရွှေခြည်ထိုး ၀တ်စုံ မဟုတ်တော့ပဲ အပြစ်သား ပီပီ ဖျော့တော့ကာ အရောင်အဆင်းမရှိသည့် ဖျင်ကြမ်းအ၀တ်အထည်သာ ၀တ်ဆင်ရကာ ဆံထုံးမဟုတ်တော့ပဲ ပြေကျနေသည့် ဆံနွယ်တို့က ကပိုကရိုဖြင့် အဝေးကကြည့်လျှင်တောင် သူဆင်းရဲလုံးလုံး။

စားနပ်ရိက္ခာပို့မလာသဖြင့် ဆန်ပြုတ်မသေရုံ သောက်နေရာမှ မပို့ပေးသဖြင့် ဆန်မရှိကာ ထမင်းမစားရတာ သုံးရက်ရှိပြီမို့ မနေနိုင်ပဲ သူမ ဒီနေ့ မြို့ထဲသွားကာ ရှာခဲ့ခြင်းဖြစ်သည်။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now