အပိုင်း(28) [Zawgyi+Uni]

2.7K 291 35
                                    

For Zawgyi

လူရယ်လို့ ဖြစ်လာခဲ့ရင် နေ့နဲ့ညကို သံသရာအဖန်တလည်လည် ကျင်လည်ကျက်စားနေရမှာပဲ....။ ထို့အတူ မုန်းရောင်နှင့် ကိုရင်မောင်တို့သည် နေ့နဲ့ ညကိုမပြတ်ခံစားနေရပေမဲ့ အခြားသူများနှင့်မတူ .။ မျက်လုံးနှစ်လုံးပွင့်တာနှင့်ပင် တစ်ယောက်ကိုတစ်ယောက် သတိရနေခြင်းက အခြားသူများနှင့်မတူ တစ်နေ့တာကို ဖြတ်သန်းနေခြင်းဖြစ်သည်...။ နေမင်းကြီးကလမင်းကြီးကို တဖန်အနိုင်တိုက်ကာ ကောင်းကင်ကြီးကို သိမ်းပိုက်သွားပြန်ပြီ.။ လမင်းကြီး၏ နောက်လိုက်ကြယ်လေးတွေလည်း ပျောက်ကွယ်သွားပြီ..။ ညဦးယံက တိမ်စိုင်နက်နက်တွေကလည်း ခုဆို ရဲရဲတောက်တိမ်လုံးကြီးတွေ ဖြစ်နေလေပြီလေ..။
တောင်တန်းတွေနောက်က မီးသခင် အလင်းသခင်လို့ ပြောလျှင်မမှားနိုင်သော သူရိန်အမည်ရှိသည့် နေမင်းကြီးထွက်ပေါ်လာသည်က မဆန်း...။ ရောင်နီဦးနေထွက်လာသည်နှင့်တစ်ပြိုင်နက် ကိုရင်မောင်တစ်ယောက် အကျင့်ဖြစ်နေတာမို့ အိပ်ရာမှ စောစောထလိုက်သည်...။ အိပ်ရာကိုအသန့်ရှင်းဆုံးသိမ်းကာ ဆန္ဒတစ်ခုသာရှိသည်..။ယနေ့အလုပ်အားသည့်နေ့ဖြစ်တာကြောင့် ခုမနက်တော့ မုန်းရောင်နှင့် ပျော်ပါးရန်ဖြစ်သည်...။ မျက်နှာကို ဆပ်ပြာနဲ့သစ်ကာ သွားများကိုဆားနဲ့တိုက်ပြီး အဝတ်အစားသစ်များဝတ်ကာ အဆင့်သင့်ဖြစ်နေပြီလေ...။

"ကျုပ်လှရဲ့လားဗျာ.."

သန်မာလှသောဆံပင်ကို အုန်းဆီသုတ်ကာ သေချာဖီးလိမ်းရင်း မှန်ရှေ့တွင်ရပ်ကာ သူ့ကိုယ်သူမေးနေပုံ ပေါ်သည်....။ မာဖလာကိုလည်း လည်တိုင်တွင် ပတ်ထားလိုက်သေးသည်....။ ထိုမာဖလာကို ကြိုက်နေသည့်ပုံပေါ်သည်…။ တစ်နည်းအားဖြင့် ချစ်ရသောသူဆီမှရရှိသော ချစ်ဦးလက်ဆောင်လိုပင်…။ အဆင့်သင့်မဖြစ် စောင်ထဲတွင်ခေါင်းမူးခြုံ ဖရိုဖရဲဖြစ်နေသောသူက မုန်းရောင်ပင်.။ နေမင်းကြီးတောင် ကောင်းကင်ယံတွင် အတော်အသင့်တက်လာနေပြီ...။ နေမြင့်နေပြီဆိုလဲမမှားနိုင်....။ နေဖင်ထိုးနေတောင် အိပ်ရာမှမထနိုင်သေးဘူးလို့ မေးနိုင်ကောင်းမေးနိုင်သည်......။ သို့သော် မနေ့ကတစ်နေ့လုံး ပင်ပန်းထားတာတစ်ကြောင်း ညက ညည့်နက်တာတစ်ကြောင်းဖြစ်နေတာမို့ ခုထိမထသေးသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်...။အခန်းလေးထဲရှိ ခြင်ထောင်ကျဉ်းလေးထဲက စောင်ခေါင်းမူးခြုံကောင်လေး ကိုရင်မောင့်အစီအစဉ်ကို မသိတာကြောင့် အိပ်မြဲတိုင်းသာပင်..။ သို့ပေမဲ့ နားထဲတွင် ဆိုင်ကယ်တစ်စင်း၏အသံ "ဖွတ် ချက်စ် "စက်သံကနားထဲကို တိုးဝင်လာတာမို့ နားနှစ်ဖက်ကို လက်နှင့်အတင်းပိတ်ကာ ထထိုင်လိုက်သည်..။ မျက်လုံးနှစ်လုံးကတော့ ခုချိန်ထိမဖွင့်နိုင်....။ နေရောင်က ပြတင်းကနေတဆင့် အိမ်ထဲဝင်လာတာမို့ မျက်လုံးကို မဖွင့်တာဆို ပိုမှန်ပြန်မည်..။ မျက်လုံးကသာမပွင့်သေးတာ ပါးစပ်ကတော့ အော်လိုက်မိသည်.....။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now