၆၂၀

1.7K 242 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၂၀)

“အော သူကိုး”
“သူနဲ့မတွေ့ရခင် ခဏတော့ ကျွန်တော်နဲ့နေပါဦးလေ မင်းတိုင်ပင်ကြီးလည်း ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကားတွေကို ကောင်းကောင်းကြီး နားလည်မယ်လို့ ထင်ပါတယ်”ဟုပြောလိုက်သော ရှန်ယန်ရှောင်က ညစ်ကျယ်ကျယ်ပြုံးပြလိုက်သည်။
ဖေးယွမ်ကတော့ အေးစက်စက်ဖြင့်သာ ဟင့်ကနဲလုပ်လိုက်သည်။
“ပူမနေပါနဲ့လေ ဘာပြောရမယ်ဆိုတာကို ငါနားလည်ပါတယ်”
မြို့ထဲမှာ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ရှိတာဖြစ်လို့ အိုးယန်ဟွမ်းယူကိုတောင် ဖေးယွမ်အနေနဲ့ စွန့်စားပြောဆိုခြင်းမျိုး မလုပ်ဝံ့ပါလေ။
“ဟိုဖက်ကိုကြွပေးပါနော်”လို့ ရှန်ယန်ရှောင်က ပြုံး၍ပြောလိုက်သည်။
ဖေးယွမ်က ရှန်ယန်ရှောင်ကို မျက်လုံးထောင့်စွန်းကနေ ကြည့်လိုက်ပြီးနောက် လမ်းလျှောက်လိုက်သည်။လောင်ယုက သူ့နောက်ကနေ ဆက်လိုက်သွားခဲ့ပြိး ရှန်ယန်ရှောင်အနားကိုရောက်တော့ ရပ်လိုက်ကာ ရှန်ယန်ရှောင်၏ မျက်နှာလေးကို သေချာကြည့်လိုက်သည်။
“ရှန်ယန်ရှောင် လင်းလက်တိုက်ပေါ်က နတ်ဆိုးတွေအားလုံး လူသားတွေနဲ့အတူတူ ငြိမ်းချမ်းစွာနေထိုင်လို့ရတဲ့နေ့ တစ်ကယ်ရောက်လာမှာလား”လို့ လောင်ယုကမေးသည်။
ရှန်ယန်ရှောင် နည်းနည်းတော့အံ့ဩသွားခဲ့သည်။လောင်ယုက သူမကို ဒီလိုမေးလာမယ်လို့ မထင်ထားခဲ့မိပါဘူး။သူမပြောလိုက်တဲ့စကားက ကလေးတစ်ယောက်ရဲ့ သိလိုစိတ်အတွက် ဖြေလိုက်တဲ့သဘောဖြစ်ပေမယ့် လောင်ယုရဲ့ပုံစံကတော့ ဒီကိစ္စကို လေးလေးနက်နက် တွေးထင်ထားပုံပါပဲ။မင်းသားဟာ ရှန်ယန်ရှောင်ရဲ့စကားကို တစ်ကယ်စဉ်းစားနေတဲ့ သဘောရပါသည်။
“ရှိလာနိုင်တာပေါ့ ဒါပေမဲ့ နတ်ဆိုးတွေက လက်နက်စွန့်လိုက်ချိန်မှာ လူတွေက သူတို့ကို လက်သင့်ခံမခံဆိုတာကလည်း ပြောလို့မရဘူးလေ။အမုန်းအာဃတတွေ အကြောက်တရားတွေက လူတွေရဲ့နှလုံးသားထက်မှာ စွဲထင်နေပြီဖြစ်လို့ တစ်ညတည်းနဲ့ ဖျောက်ဖျက်ပစ်လို့ရနိုင်တာမျိုး မဟုတ်ဘူး။ဒါပေမဲ့ အဲ့ဒီနေ့ကိုတော့ ကျွန်မ တစ်ကယ်မျှော်နေမိပါတယ်”လို့ ရှန်ယန်ရှောင်ဖြေလိုက်သည်။
တစ်မြေလုံးရှိသမျှ နတ်ဆိုးတွေဆိုတော့ ရှူ့စွမ်းအားတွေကို အချိန်မရွေး နေရာမရွေး ပြန်လည်ရရှိနိုင်ပြီဆိုတဲ့သဘောဖြစ်လို့ ရှင်းရှင်းပြောရရင် ရှန်ယန်ရှောင်ရဲ့ အိပ်မက်တစ်ခုပေါ့လေ...
လောင်ယုလည်း ခနတာနှုတ်ဆိတ်သွားပြီးနောက် ရှန်ယန်ရှောင်ကို လေးနက်စွာကြည့်လိုက်သည်။
“နောင်တစ်ချိန် ငါကိုယ်တော် ဧကရာဇ်ဖြစ်လာရင် နတ်ဆိုးတွေကို လူတွေက တဖြည်းဖြည်းနဲ့ လက်ခံလာစေဖို့လုပ်မယ်”
သူမရဲ့ မျှော်လင့်မှုအတွက် သူ ကြိုးစားကြည့်ချင်မိကာ သူ့အမြင်အရလည်း နတ်ဆိုးတွေနဲ့ လူသားတွေက အတူတကွငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ မြင်ပါသည်။တက်သစ်နေမြို့တော်က အကောင်းဆုံးဥပမာတစ်ခုပဲဖြစ်သည်လေ။
လေးနက်စွာပြောနေတဲ့ လောင်ယုကိုကြည့်ပြီးတော့ ရှန်ယန်ရှောင် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ရှက်တတ်တဲ့မင်းသားလေးက သူ့ဘိုးတော်ထက်ပိုပြီးတော့ ချစ်ဖို့ကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းလှသား။
“အိုး ဒါဆိုရင် ကျွန်တော်မျိုးမလည်း မင်းသားလေး ဧကရာဇ်ဖြစ်တဲ့နေ့ကို စောင့်မျှော်နေပါ့မယ် မင်းသားလေးရဲ့ အုပ်စိုးမှုအောက်မှာ လောင်းရွှမ်အင်ပါယာကြီးလည်း ပိုမိုအင်အားတောင့်တင်းတဲ့တိုင်းပြည်ဖြစ်လာပြီး ကြွယ်ဝချမ်းသာသူတွေနဲ့ အပြည့်ဖြစ်လာဖို့ မျှော်လင့်ပါတယ်”
တိုင်းပြည်ဘဏ္ဍာတိုက်ထဲကို ရွှေတွေပြည့်လျှံထွက်မတတ် ထည့်ထားနိုင်ရင် အကောင်းဆုံးပဲ ငါလည်း တစ်ချက်တည်းနဲ့ ကောင်းကောင်းသိမ်းလို့ရတာပေါ့လို့ စောရလေးတွေးနေမိသည်။
“အင်း”
လောင်ယုလည်း ခေါင်းညိတ်လိုက်ရင်း ဧကရာဇ်ဖြစ်လာရင် ပြုလုပ်မယ့် ရည်ရွယ်ချက်ကြီးတစ်ခုကို ချလိုက်ပါတော့သည်။
အားပေးစကားတွေ ပြောကြားနေသူရဲ့ အတွေးထဲမှာ ယုတ်မာညစ်ပတ်တဲ့အကြံတွေ တွေးနေတဲ့အကြောင်းကိုတော့ သူမသိခဲ့ပါလေ။
ဖေးယွမ်နဲ့လောင်ယုတို့ အိုးယန်ဟွမ်းယူနဲ့ တွေ့နေကြပါပြီ။အိုးယန်ဟွမ်းယူ သံသယမဝင်စေဖို့ ရှန်ယန်ရှောင်တစ်ယောက် ရှောင်ပေးလိုက်ပြီး အခန်းထဲကထွက်သွားခဲ့သည်။လောင်ယုရဲ့ အသက်ကိုတော့ ဖေးယွမ်လောင်းကစားမထပ်ရဲမှာ သေချာပါသည်။ဒီတော့ ဖေးယွမ်တစ်ယောက် မပြောသင့်တဲ့စကားပြောမှာကိုတော့ သူမ ပူပန်ခြင်းမရှိပါလေ။
တစ်နာရီလောက်အကြာမှာတော့ ဖေးယွမ်နဲ့လောင်ယုတို့ အခန်းထဲကနေ ထွက်လာခဲ့ကြသည်။
ဖေးယွမ်က ရှန်ယန်ရှောင်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ရှန်ယန်ရှောင်က ဘာမှမပြောတော့ လောင်ယုနဲ့အတူသူထွက်သွားလိုက်သည်။
အခန်းထဲမှာ အိုးယန်ဟွမ်းယူက ရှန်ယန်ရှောင်အား ပြုံး၍ကြည့်နေသည်။
“မင်းတိုင်ပင်နဲ့မင်းသားလေးတို့က တက်သစ်နေမြို့တော်ထဲမှာ နေထိုင်ရ အရမ်းအဆင်ပြေနေပုံပဲ။ဒီတော့ ငါလည်း ဧကရာဇ်ကို သတင်းပြန်ပို့လို့ကောင်းသွားတာပေါ့”
“ကျောင်းအုပ်ကြီးတော့ ပင်ပန်းသွားခဲ့ရပါပြီရှင်”လို့ ရှန်ယန်ရှောင်က လောကဝတ်စကားပြောလိုက်သည်။
“ကျောင်းအုပ်ကြီး ဘယ်တော့ပြန်မလဲမသိဘူးနော် ကျွန်မလူတွေကို ပြင်ဆင်ခိုင်းထားလိုက်မှ ကောင်းမယ်နဲ့တူတယ်။လောင်းရွှမ်ပြည်နဲ့ တက်သစ်နေမြို့တော်ရဲ့ အကွာအဝေးက မနည်းလှဘူးလေ ကျွန်မမှတ်မိတာတော့ ကျောင်းအုပ်ကြီးက မြင်းတစ်ကောင်စီးပြီး တစ်ယောက်ထဲလာခဲ့တာနော် ကျောင်းအုပ်ကြီးအတွက် လှည်းစီစဉ်ခိုင်းလိုက်ရမလားရှင့်”လို့ ရှန်ယန်ရှောင်က ချိုသာစွာပြောလိုက်ပေမယ့် အမှန်တစ်ကယ်ကတော့ ပြန်တော့ဆိုပြီး တံခါးပေါက်ကိုလက်ညှိုးထိုးပြနေတာပဲဖြစ်တော့သည်။
ပါးနပ်တဲ့မြေခွေးအိုကြီးတစ်ကောင် သူမနယ်မြေထဲမှာ အကြာကြီးရှိနေမှာကို သူမ မလိုလားပါဘူး။ဘယ်လိုစိတ်ကူးစိတ်သန်းတွေကြံစည်နေသလဲဆိုတာ သရဲပဲသိပါလိမ့်မယ်...

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now