အခန်း - ၂

53.3K 5.9K 1.7K
                                    

UNICODE

အိပ်မက်ထဲက ဘာသာစကားနဲ့ ပတ်သက်ပြီး ဆောလ် ဘဝထဲမှာ အစဉ်သဖြင့် ရှုပ်ထွေးနေခဲ့ရင်းက ဖြေရှင်းနိုင်သွားတဲ့ တစ်ရက်ကို မှတ်မိသေးတယ်။ အဲ့နေ့က ဆောလ် အထက်တန်း စာမေးပွဲ ပြီးခဲ့တာ။ စာမေးပွဲခန်းထဲက ထွက်တာနဲ့ ဦးလေးငယ် ရှိတဲ့ ဇူးရစ် (Zurich) မြို့ကို မာမား ခွင့်ပြုချက်နဲ့ ဆောလ် ချက်ချင်းပဲ သွားလည်ဖြစ်ခဲ့တယ်။

တရားဝင် လူကြီးဖြစ်ပြီ ဆိုတဲ့ အသိနဲ့ ဇူးရစ်မြို့ကို တစ်ယောက်တည်း လည်ပတ်ပြီးတဲ့အခါ ဗိုက်ဆာဆာနဲ့ နှစ်ခါ မစဉ်းစားဘဲ ဝင်ခဲ့မိတဲ့ ဆိုင်ကလေး။ ဆိုင်ရှင် အမျိုးသားရဲ့ ကြိုဆိုမှုနောက်မှာ ဒေသိယသံ ထွက်မနေတဲ့ ပျူငှာသံကြောင့် သိချင်စိတ်နဲ့ စူးစမ်းကြည့်မှ ဗမာလူမျိုး စုံတွဲလေး ဖွင့်ထားတဲ့ ဆိုင်ကလေး ဖြစ်နေတယ်။

သဘောကောင်းပုံ ရတဲ့ ဆိုင်ရှင်စုံတွဲကို အကဲခတ်ပြီးတာနဲ့ မှတ်စုလေးကို ထုတ်ပြပြီး မေးတော့ ဆိုင်ရှင်အမျိုးသားက ခပ်ကြာကြာ စူးစမ်းတယ်။ အရင်တုန်းက မေးဖူးသူတွေလိုပဲ ဆောလ်ကို ခေါင်းခါပြပြီး မသိဘူး၊ ငါတို့ ဘာသာစကား မဟုတ်ဘူးလို့ ငြင်းဆန်မယ် ထင်ထားခဲ့ပေမဲ့ လက်ဖျောက်တီးရင်း ပြောလိုက်တာက ငါတို့ဗမာစကား ဖြစ်လိမ့်မယ်တဲ့။

သိလား၊ အဲ့နေ့က အထက်တန်းကျောင်း ပြီးသွားတာ တစ်ခုတည်း မဟုတ်ဘဲ ဆောလ် တစ်ခါတည်း အရွယ်ရောက်သွားသလို ခံစားချက်မျိုး။ ပျူငှာတဲ့ ဆိုင်ရှင်လင်မယားက ဆောလ် မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးခဲ့ကြတာ။ မိခင်ဘာသာစကားနဲ့ ဆောလ် ရေးတတ်သလို ရေးမှတ်ထားတဲ့ အသံထွက်တွေကို သုံးယောက်သား အတန်ကြာ ခေါင်းချင်းဆိုင် ဖြေရှင်းကြတော့...

"ဒီတစ်ခါ ပြန်လာရင် တစ်ဘဝလုံး အတူနေမယ်၊ ကျိန်းသေ စောင့်နေမယ်လို့ ကတိပေးပြီး မင်းမို့ ခွဲသွားရက်တယ်" တဲ့။

ဒီစကားကြားထဲအခါ ကြမ်းပြင်ပေါ်ကို ဆောလ် ပုံလျက်သား လဲကျသွားတယ်။ ဆောလ် မျက်နှာတစ်ပြင်လုံး သွေး မရှိသလို ဖြူဆုပ်သွားတယ်။ ဆောလ် ရင်ဘတ်က အောင့်လာတယ်။ ဝဲဘက်ရင်အုံကို မှန်ကွဲစတွေ ထပ်စိုက်လာသလို ခံစားချက်မျိုး။ ဘာဝေဒနာရယ်လို့ အမျိုးအမည် မသိပေမဲ့ အဲ့နေ့က ဆောလ် အများကြီး မျက်ရည်ကျခဲ့တာ။ ဆိုင်ရှင် လင်မယားတောင် လန့်ဖျပ်သွားတဲ့အထိ ဆောလ် ငိုချလိုက်မိတာ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now