အခန်း - ၃၁

33.5K 4.2K 1.5K
                                    

UNICODE

"အိပ်လို့ မရဘူး ဆောလ်အာနို၊ မင်းကြောင့် လုံးဝ အဆင်မပြေဘူး၊ ဒါကို သိရဲ့လားဟမ်"

ဧည့်ခန်းထဲက ကြမ်းခင်းပေါ်မှာ ဝမ်းလျားမှောက်လျက် ဗလုံးဗထွေး ရေရွတ်နေမိတာ ဘယ်နှကြိမ်မှန်း မသိ။ ဒီရက်တွေမှာ အိပ်ခန်းထဲတောင် ဝင်မအိပ်ဖြစ်။

ဖြစ်သလိုနေ ဖြစ်သလို စားနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပုံက အတိတ်နေ့ရက်တွေက နာကျင်စရာတွေကြားထဲ ပြေးပေါက်ပိတ်နေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသလို။

အဲ့ဒီတစ်ရက်က နေမရအောင် ပူလောင်လာလို့ သက်သာလိုသက်သာငြား ဝီစကီ မော့ဖို့ ရေခဲသေတ္တာဆီ ပြေးတုန်းက မြင်လိုက်ရတဲ့ ဟင်းလျာ အညွှန်းတွေကြောင့် လူက ဘာဖြစ်သွားမှန်း မသိလိုက်။ တံခါးဆွဲဖွင့်လိုက်တော့ အခဲကန့်ထဲမှာ အထပ်လိုက်ရှိနေတဲ့ ဟင်းဘူးတွေ။ အသေးစိတ်က အစ တယုတယ ရေးထားတဲ့ မေတ္တာတွေ။

"မင်းက ဘာလဲ ဆောလ်အာနို၊ မင်းက ဘာလဲကွာ"

ဒီစကားကို တတွတ်တွတ် ပြောမိရုံမက ငူငူကြီး ရပ်နေရင်း လူတစ်ကိုယ်လုံး လှစ်ဟာနေသလို။ မနက်စောစော ထထွက်သွားမှန်း သိတာတောင် မသိဟန်ဆောင်နေခဲ့တဲ့ ကောင်အတွက် တစ်ညလုံးများ ချက်ပြုတ်နေခဲ့လေသလား။

"ဘယ်လို မေတ္တာမျိုးနဲ့လဲ ဆောလ်အာနို၊ ငါ မင်းကို ဘယ်လို လုပ်ရပါ့မလဲဟင်၊ ဘယ်လို လုပ်ရပါ့မလဲ"

နားထောင်သူ မဲ့နေတဲ့ စကားတွေကို အကြိမ်ကြိမ် ရေရွတ်မိတဲ့အခါ မျက်နှာနုနုလေးက အာရုံမှာ ယိမ်းထိုးလာတယ်။ မေ့ပျောက်သွားအောင် ဝီစကီတွေ မျိုချပစ်လဲ ဝေဒနာက လျော့ပါးမသွား။ တစ်ဘဝလုံး သစ္စာရှိလာတဲ့ ယမကာတွေက အခုမှ သစ္စာဖောက်နေလိုက်တာ။

အိမ်ရဲ့ နေရာတိုင်းမှာ ရယ်နေတဲ့ မျက်နှာလေးသာ မြင်ယောင်နေမိတယ်။ အသံချိုချိုလေးသာ ကြားယောင်လာတယ်။ မနက်ခင်းတိုင်း ရေချိုးခန်း လုရတာလေးက လွမ်းမောဖွယ်ရာ။ ရေအိမ်တံခါးကို သူ လာခေါက်မှန်း သိရင် တမင် ညစ်ပြီး ဖွင့်မပေးတာ အခါခါ။

ဒီလိုအခါတိုင်း သည်းမခံနိုင်အောင် ဒေါသထွက်ခဲ့ရပေမဲ့ အခုလို အချိန်မှာ ကြောက်လန့်တကြား သိလိုက်တာက သူ အကျင့်ပါသွားပြီ ဆိုတာပါပဲ။ အဲ့ဒီ အမူအကျင့်လေးတွေ၊ သူ့ဘေးမှာ ဝေ့နေခဲ့တဲ့ အသံလှိုင်းလေးတွေနဲ့ သူက အဆုံးအစမဲ့ အကျင့်ပါသွားခဲ့ပြီ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now