အခန်း - ၂၀

37.2K 4.2K 2K
                                    

UNICODE

လုံခြုံနွေးထွေးစွာ အိပ်စက်ခွင့်ရပြီး ငြိမ်းချမ်းစွာ နိုးထခွင့် ရခဲ့ပါတယ်။ နိုးတာနဲ့ သတိတရ ဘေးကို စမ်းတော့ ဘေဘီ့ကို မတွေ့။ စောလွန်းသေးပေမဲ့ အရင်နိုးပြီး ဆောလ် အခန်းထဲက ထွက်သွားပြီ ထင်ပါရဲ့။ ကိုယ့်နဖူး ကိုယ်ပြန်စမ်းတော့ လျှောကျလာတာက လက်ကိုင်ပုဝါထူထူ တစ်ခု။

မဟုတ်မှ ဆောလ် နဖူးပေါ်ကို ရေပတ်ဝတ် တင်ပေးရင်း တစ်ညလုံး ဘေဘီ အလုပ်များခဲ့လေသလား။ ဟုတ်မှာပါ၊ ညကနဲ့ မတူဘဲ ဆောလ်တစ်ကိုယ်လုံး လတ်ဆတ်နေလိုက်တာများ၊ အဖျားသွေးဟာ မရှိလုနီးပါး။ ဘေဘီ့ဆီများ အဖျားကူးသွားလေသလား။ ဒါမှမဟုတ် ဘေဘီ့ရင်ငွေ့ကြောင့်များ ဆောလ် သက်သာသွားလေသလား။

ညကအကြောင်း ပြန်တွေးတော့ ပျော်သလိုလို ဝမ်းနည်းသလိုလို၊ တစ်မျိုးတစ်မည် ခံစားလာရတယ်။ တိတ်ဆိတ်တဲ့ ညအလည်မှာ မူမမှန်တဲ့ ရင်ခုန်သံတွေနဲ့ နှစ်ယောက်သား ဖိကပ် ထိစပ်ခဲ့ကြတာတောင် တစ်စုံတစ်ရာ ဖောက်ပြားခြင်း မဖြစ်ခဲ့။

အရွယ်ရောက်ပြီးသား လူနှစ်ယောက်မို့ ညရဲ့ ဖျားယောင်းမှုအောက်မှာ ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထား မဟုတ်လား။ အကယ်၍များ ဒီပြစ်မှုကို စိတ်တူကိုယ်တူ ကျူးလွန်မိပြီး နောက်တစ်ရက်မှာ ဆောလ်ကို မသိဟန်ဆောင်မယ် ဆိုရင်တောင် ခွင့်လွှတ်ဖို့အထိ တွေးခဲ့ပြီးသား။

ကာယကံရှင် ဖြစ်တဲ့ ဆောလ်ကိုယ်တိုင် ကြည်ဖြူခဲ့တာတောင် ဘေဘီဟာ တည်ငြိမ်လွန်းခဲ့တယ်။ ယောက်ျားတို့အတွက် ထိန်းချုပ်ဖို့ ခက်တဲ့ စောင့်စည်းနိုင်ခြင်း ဆိုတဲ့ ပြယုဂ်ကို ဆောလ် မြင်သာအောင် ပြသပေးခဲ့တယ်။ ဒါမှမဟုတ်...

"မချစ်တဲ့ သူနဲ့မို့ မယစ်မူးတာလား ဘေဘီ"

ဒီလိုတွေးတော့ နှလုံးသားဟာ ကျဉ်စက်နဲ့ တို့ခံရသလို နာနာကျင်ကျင် ပြုံးရသေးတယ်။ သို့ပေမဲ့ အဲ့ဒီရင်အုပ်ပေါ်မှာ ခေါင်းတင် မှေးစက်ခဲ့ရတဲ့ ဆောလ်အတွက် အိပ်မပျော်ခင် စပ်ကြား နှလုံးခုန်သံ ကျယ်ကျယ်လောင်လောင်ကို နားနဲ့ဆက်ဆက် ကြားရခဲ့တာ လုံးဝမမှား။

အသက်ရှူသံတွေ ပြင်းပြနေပါလျက်၊ ပွေ့ဖက်ပေးထားတဲ့ ဘေဘီ့လက်ဖဝါးတွေ အေးစက်နေပါလျက်၊ အသံတွေအထိ တုန်ခါနေပါလျက်၊ လေပူတွေ အကြိမ်ကြိမ် မှုတ်ထုတ်တာအထိ နီးနီးကပ်ကပ် ကြားခဲ့ပါလျက်နဲ့ ဘေဘီဟာ ဆောလ်ကို ပွေ့ပိုက်ရုံကလွဲ၊ ထွက်သက်နွေးနွေးကို နဖူးပြင်ပေါ် မစို့မပို့ ကြဲချရုံကလွဲ ဘယ်လို အမှောင်မျိုးကိုမှ လက်ကမ်းမခေါ်ခဲ့ပါဘူး။

"Take Me Home Where I Belong" (Completed)Where stories live. Discover now