အခန်း - ၄၁

42.1K 4.4K 1.1K
                                    

UNICODE

ဂရေတာ့ မွေးနေ့မို့ မြေးအဘွားနှစ်ယောက် ဒီနေ့ ဖုန်းပြောဖြစ်ခဲ့တယ်။ မွေးနေ့ရက် ရောက်တိုင်း ဘယ်အရပ်မှာ ရောက်နေနေ မြူးရန်ကို အရောက်သွားတတ်တဲ့ ဆောလ်က ဒီနှစ်တော့ အဘွားဆီ မပြန်နိုင်။ ကျောင်းကိစ္စကို အကြောင်းပြထားပေမဲ့ ကိုယ်တိုင်လဲ စိတ်မကောင်း။

တစ်ရက်ဖြစ်ဖြစ်၊ တစ်စက္ကန့်ဖြစ်ဖြစ် ဘေဘီ့ကို ဆောလ်မှ မထားခဲ့ရက်တာ။ အတူလိုက်ဖို့ ခေါ်ရင်ကော ဘေဘီက လိုက်မယ်တဲ့လား။ ဘဝထဲကို ဆွဲသွင်းပြီး ဘာကြောင့် ဇွတ်ခြယ်လှယ်ချင်တာလဲလို့ မေးလာခဲ့ရင် ဆောလ်ပဲ ဝမ်းနည်းရမယ် ထင်ပါရဲ့။

ဒီရက်တွေထဲ ပေါ့ပါးဟန်ဆောင်နေပေမဲ့ ဘာဆယ်က ပြန်ရောက်ကတည်းက အစဉ်သဖြင့် လေးလံနေခဲ့တာ။ ဘေဘီ့သား ကိုယ်တိုင်က အတိအလင်း မဟုတ်ပေမဲ့ ခွင့်ပြုပေးခဲ့တဲ့ အခြေအနေမှာ လှိုက်လှဲစွာ မပျော်ရဲတာက ဘယ်လိုဓာတ်တွေ ချို့တဲ့နေလို့လဲ။

အိပ်မက်နဲ့ ပတ်သက်တာတွေ ပြန်မပြောဘူးလို့ ကတိပေးသွားပေမဲ့ သားအဖတွေက တကယ် ပြန်မပြောတာ ဖြစ်နိုင်ပါ့မလား။ ဘေဘီ မျက်နှာတည်နေတာက ဒါနဲ့ သက်ဆိုင်နေမလား မကြာခဏ တွေးပူနေမိတာ။ စိတ်လဲမလုံသလို မျက်နှာချင်းဆိုင် မေးလိုက်ဖို့လဲ မရဲ။

ဒါ့အပြင် ဘေဘီ့သား စုံတွဲလေးကို ငေးကြည့်မိတိုင်း သိမ်ငယ်ခဲ့ရတာ ဘာကြောင့်မှန်းမသိ။ သုံးရက်တည်း ဆိုပေမဲ့ အဲ့ဒီစုံတွဲလေးရဲ့ တစ်ဦးပေါ်တစ်ဦးထားတဲ့ မေတ္တာကို မြင်လိုက်ရခြင်းက ပြေးကြည့်ဖို့ မလို တွေးကြည့်ရုံနဲ့ စိတ်ဝိဉာဉ်တွေအထိ ချိတ်ဆက်ထားကြသလိုမျိုး။

ဘေဘီ့သားမက်လေးက ဘေဘီ့သားအတွက် ခြွင်းချက်မရှိ ပြည့်စုံစေသလို ဆောလ်က ဘေဘီ့အတွက် ပြည့်စုံပါရဲ့လား။ ဘေဘီနဲ့ဆောလ်က နေ့ရက်တိုင်းမှာ အဲ့ဒီစုံတွဲလေးကဲ့သို့ အတူတကွ ပျော်နိုင်ပါ့မလား တွေးမိလာတယ်။ ဒီတစ်ကြိမ်တည်း မဟုတ်ဘဲ အဲ့ဒီစုံတွဲလေးနဲ့ ထပ်တွေ့ခွင့် ရပါ့မလား ပူပန်လာတယ်။

စိုးရိမ်စိတ်တွေနဲ့ နေ့စဉ်ရက်ဆက် လေးဖင့်နေချိန်မှာ အလုပ်တွေ ပိုများလာတဲ့ ဘေဘီက ဒီတစ်လော အများကြီး မှုန်ကုပ်နေပြန်တယ်။ အလိုက်တသိ ခပ်ဝေးဝေးမှာ နေပေးပေမဲ့ အကြာကြီး မနေနိုင်တဲ့ကောင်က မကြာခဏ သွားငေးကြည့်လိုက်၊ စကားတွေ တတွတ်တွတ် ပြောလိုက် လုပ်နေခဲ့ပေမဲ့ ဘေဘီကတော့ ခက်ထန်နေဆဲ၊ အလုပ်ရှုပ်နေဆဲပါပဲ။

"Take Me Home Where I Belong" (Completed)Where stories live. Discover now