ဆေးရုံရှေ့မြက်ခင်းပြင်တွင် လမ်းလျှောက်နေသူများ၊ ခုံတန်းလေးပေါ်တွင်ထိုင်နေသူများ၏မြင်ကွင်းကိုတစ်ချက်ကြည့်ပြီး ဟိုဆော့ ပင့်သက်ရှိုက်မိသည်။ အန်တီဟာ ဂျောင်ကု၏အမေဖြစ်နေကြောင်း ဂျောင်ကုပြောပြ၍ သူသိခဲ့ရသည်။ လောကကြီးဟာ သိပ်ကိုကျဉ်းမြောင်းလွန်းနေသည်မဟုတ်ပါလား။
ဂျောင်ကု၏ရုတ်တရက်အပြုအမူကြောင့် အန်တီကလက်မခံနိုင်ဘဲ အတင်းရုန်းကန်နေသည်ကြောင့် အကူသူနာပြုလေးကိုခေါ်ကာ စိတ်ငြိမ်ဆေးထိုးခိုင်းကာ အန်တီ့ကို သိပ်ခဲ့ပြီးနောက်မှ သူရော၊ ဂျောင်ကုပါ ဆေးရုံဝန်းထဲဆင်းလာခဲ့သည်။
ဂျောင်ကုထိုင်နေရာအညိုရောင်ခုံတန်းလေးကိုရောက်တော့ ဟိုဆော့ လက်ထဲကကော်ဖီတစ်ဗူးကို ဂျောင်ကုထံ ကမ်းပေးလိုက်ပြီး သူပါ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ကော်ဖီတစ်ငုံကိုမော့သောက်ချိန် လျှာဖျားထက်မှချိုမြမြအရသာထက် နံဘေးမှ ပင့်သက်ရှိုက်သံတိုးတိုးက ဟိုဆော့၏အာရုံကို လွှမ်းမိုးသွားခဲ့သည်။
"မေမေက ဘယ်လိုဖြစ်ရတာလဲ ဒေါက်တာ"
ဝမ်းနည်းမှုတို့မပါသော်လည်း စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်လွှမ်းနေသည့် ဂျောင်ကုအသံသည် တိုးလျလျ။
ဟိုဆော့ အသက်ပြင်းပြင်းတစ်ချက်ကိုရှူလိုက်ပြီးနောက်...
"အန်တီ အက်ဆီးဒန့်ဖြစ်တဲ့နေရာမှာ ငါရှိနေခဲ့တယ်။ အန်တီ့ကိုကူညီပေးပြီး အခြေအနေအားလုံးကိုသိခဲ့ရပေမယ့် လာတွေ့တဲ့မိသားစုလည်းမရှိတော့ ငါကပဲ စောင့်ရှောက်ပေးထားခဲ့တာ။ မင်းရဲ့အမေဖြစ်နေခဲ့လိမ့်မယ်လို့တော့ တကယ်ကိုမထင်ထားခဲ့မိတာ"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ။ မေမေ... ဒေါက်တာ့လိုလူမျိုးနဲ့ဆုံခဲ့ရတာ သိပ်ကိုကံကောင်းတယ်"
ဟိုဆော့ လှည့်ကြည့်လိုက်ချိန် တည်ငြိမ်လေးနက်နေသောမျက်လုံးဝိုင်းများသည့် သူ့ကိုတွေတွေလေး ငေးကြည့်နေသည်။ အားပေးမှုတစ်ခုပါသည့်အပြုံးတစ်ခုကို ဂျောင်ကုအား ဟိုဆော့ ရက်ရက်ရောရော ပြုံးပြလိုက်မိသည်။
"မေမေက ဖေဖေ့အတွက်တော့ ဇနီးကောင်းတစ်ယောက်မဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ မိခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ပဲ အရက်ကိုကြိုက်ကြိုက် ငါးနှစ်အရွယ် ကျွန်တော့်ရှေ့မှာတော့ ဘယ်တော့မှမသောက်ဘူး။ ကလေးတစ်ယောက်ရှေ့မှာ မလုပ်သင့်တဲ့အပြုအမူတွေကို မေမေက အမြဲစောင့်ထိန်းပါတယ်။ ကျွန်တော်အရွယ်ရောက်လာတဲ့အချိန်မှာ မေမေ့ကိုနားလည်ပေးနိုင်ခဲ့ပေမယ့် မေမေကတော့ သူ့ကိုချုပ်နှောင်ထားတဲ့သံယောဇဉ်ကြိုးတွေကို မကြိုက်ဘူးထင်တယ်..."