ဟိုဆော့၏အိမ်ရှေ့တွင် နောက်တွဲယာဉ်လေးရပ်လိုက်သည်နှင့် တစ်ချိန်လုံးမှိုင်းညို့နေခဲ့သည့် ဂျောင်ကု၏မျက်လုံးဝိုင်းများက အနည်းငယ်လေး အရောင်တောက်လာသလိုရှိ၏။
"ဆင်းလေ"
ဟိုဆော့ ကားပေါ်မှဆင်းပြီးသည့်တိုင် အိမ်ကိုကြောင်တောင်တောင်လေးကြည့်နေသည့် ဂျောင်ကုကို ဟိုဆော့ အိမ်ထဲအရောက်ခေါ်လာရသည်။ မိုးလည်းအုံ့နေသည်မို့ အိမ်ထဲတန်းခေါ်ခဲ့တော့ တီဗီရှေ့ထိုင်နေသည့် အဘွားက ဂျောင်ကုကို အကဲခတ်ကာလှမ်းကြည့်သည်။
"မြေးရဲ့မိတ်ဆွေ အဘွားရဲ့။ ဒီမှာမထင်မှတ်ပဲတွေ့တာနဲ့ အိမ်အလည်ခေါ်လာတာ"
"ဟုတ်လား၊ လာ လာ မြေးလေး။ နာမည်ကရော"
"ဂျွန်ဂျောင်ကုပါ"
အဘွားက တီဗီကိုအသံတိုးလိုက်ကာ ဂျောင်ကု၏အသံကို နားစွင့်နေသည်။ မီးဖိုခန်းတွင် နေ့လည်စာပြင်နေသည့်မေမေကလည်း သူတို့အသံတွေကြားပြီး ဧည့်ခန်းထဲရောက်လာသော်လည်း ဂျောင်ကုကိုတစ်ချက်သာကြည့်ပြီး မီးဖိုခန်းထဲပြန်ဝင်သွားသည်။ ကားကိုမိုးစိုမှာဆိုး၍ အမိုးစသွားအုပ်သည့်ဖေဖေက အိမ်ထဲပြန်ဝင်လာတော့ ဂျောင်ကုဘေးတွင်ဝင်ထိုင်ကာ စပ်ပ်စုစုမေးမြန်းသည်။
"သားက ဘာအလုပ်လုပ်တာလဲ"
"ရှေ့နေပါ ဦးလေး"
"ဟေ ဟုတ်လား၊ မိုက်တာပေါ့"
ဝမ်းသာအားရအသံနှင့်အတူ ဖေဖေကသူ့ဘက်ကို မသိမသာမျက်စောင်းထိုးကြည့်သည်။ နိုင်ငံရေးအကြောင်းစိတ်ဝင်စားသည့်ဖေဖေက ရှေ့နေသိပ်ဖြစ်ချင်သည်။ အကြောင်းမတိုက်ဆိုင်၍လွဲချော်သွားသည့်အခါ သားဖြစ်တဲ့သူ့ကိုရှေ့နေ့လုပ်ဖို့ အမြဲအားပေးသည်။ မေမေက တော့ သားစိတ်ဝင်စားတာလုပ်ပါဟုသာ ပြောသည်။ သို့ပေမယ့် အထက်တန်းပြီးတော့ ဖေဖေမသိအောင် ဝါသနာပါသည့်ဆေးကျောင်းကို ဝင်ခွင့်တိတ်တိတ်လေးခိုးတင်ပြီး ဝင်ခွင့်ကျလာမှသာ အကြောင်းစုံသိသွားသည့်ဖေဖေက သူ့ကိုတစ်လလောက်စကားမပြောပဲနေဖူးသည်။
မတတ်နိုင်တော့သည့်အခြေအနေမို့ ခွင့်ပြုထားသော်လည်း အခုလိုအကြောင်းတိုက်ဆိုင်သည့်အခါမျိုးတွင်တော့ သိုဝှက်ထားတဲ့မကျေမချမ်းစိတ်လေးကပြန်ပေါ်လာတတ်သည်။