ဧည့်ခန်းတံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ရှင်းလင်းနေသောဧည့်ခန်းက ဂျောင်ကုကို ပထမဦးဆုံးကြိုဆိုသည်။ ဂျောင်ကု ဧည့်ခန်းထဲမျက်လုံးဝေ့ကစားကြည့်နေချိန် ထမင်းစားခန်းထဲမှဟိုဆော့က ဂျောင်ကုအနားရောက်လာသည်။
"လာလေ ဂျောင်ကု၊ မနက်စာစားကြမယ်"
အရင်နေ့များထက်ပင် ပိုပြီးနွေးထွေးနေသလိုခံစားရသည့်ဟိုဆော့၏အပြုံးကြောင့် ဂျောင်ကု ခေတ္တအတွေးများသွားမိသည်။
ထမင်းစားခန်းထဲတွင်တော့ ဦးလေးကလွဲ အန်တီရော၊အဘွားပါရှိနေသည်။ ရေညှိဟင်းချိုအပါအဝင်တခြားဟင်းအမယ်များနှင့်မနက်စာကိုပြင်ဆင်ထားသည်ကြောင့် တစ်ယောက်ယောက်၏မွေးနေ့ဖြစ်လိမ့်မည်ဟု ဂျောင်ကု တွေးလိုက်မိသည်။ သူ့ရဲ့ဒေါက်တာလေးရဲ့မွေးနေ့မဟုတ်မှန်းသေချာသိသော်လည်း မည်သူမည်ဝါ၏မွေးနေ့လည်းဟုတော့ ဂျောင်ကု ထုတ်မမေးဖြစ်။
ထိုင်ခုံမှာဝင်ထိုင်ပြီး ရေညှိဟင်းချိုတစ်ဇွန်းခပ်သောက်တော့ အစပ်အဟပ်တည့်လှသည့်အရသာက သူ့လျှာတစ်လျှောက်ပျော်ဝင်စီးဆင်းသွားသည်။ ဂျောင်ကု အမှတ်မထင်ပြုံးလိုက်မိပြီးမှ တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုခံစားရသည်ကြောင့် မျက်လုံးလှန်ကြည့်မိတော့ မျက်နှာချင်းဆိုင်မှ အဘွားရော၊အန်တီရောက သူ့ကိုပြုံးပြီးကြည့်နေသည်။
"စားကောင်းလား မြေးလေး"
"ဟုတ်...ဟုတ်ကဲ့၊ စားကောင်းပါတယ်"
ထူးဆန်းနေသည့်အခြေအနေကြောင့် မနေတတ်တော့ပဲ ဂျောင်ကု သီးလုနီးပါးပင်ဖြစ်သွားသည်။ ထမင်းချည်းပဲတစ်ဇွန်းခပ်စားကာ နေရခက်မှုကို ထမင်းနှင့်အတူ မျှောချလိုက်ရသည်။
"ဒီနေ့တစ်ယောက်ယောက်ရဲ့မွေးနေ့ရှိတာလား အဘွား"
အခြေအနေပြောင်းသွားစေမည့်မေးခွန်းတစ်ခုကို ဂျောင်ကုမေးလိုက်သော်လည်း အဘွားကပြန်မဖြေပဲ သူ့ရဲ့ဒေါက်တာလေးကိုကြည့်ပြီးပြုံးနေသည်။ ဂျောင်ကုလည်း နားမလည်စွာဖြင့် ဟိုဆော့ဘက်လှည်ကြည့်မိတော့ သူ့ရဲ့ဒေါက်တာလေးက ခပ်ရေးရေးပြုံးနေ၏။