"ဟိုဆော့၊ သုတ်လိုက်အုန်း"
ခွဲစိတ်ခန်းရှေ့တွင် တစ်နာရီလုံးငူငူငိုင်ငိုင်ထိုင်နေသည့်ဟိုဆော့ကို ယိုဟန်က လက်ကိုင်ပုဝါတစ်ခုလှမ်းပေးတော့ လှည့်ကြည့်လာသည့်ဟိုဆော့၏မျက်နှာက ဖြူလျော့စွာ။ ပါးပေါ်မှသွေးစွန်းတွေကိုပင် သုတ်ဖို့အာရုံမရဖြစ်နေသည့်ဟိုဆော့သည် စိတ်နှင့်လူနှင့်မကပ်သလို မျက်လုံးများက ခြောက်ကပ်နေလျက်။
ဟိုဆော့ထံ ဂျောင်ကုရောက်လာချိန်က ဂျောင်ကု၏ဘယ်ဘက်ဝမ်းဗိုက်နေရာမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့တစ်စက်စက်ကျနေသောသွေးစက်များကို ယိုဟန်သတိထားမိသွားခဲ့သည်။ မူမမှန်တော့မှန်းသိလိုက်၍ ဂျောင်ကုရှိရာသို့အလျင်အမြန်ပြေးလာသော်လည်း ဂျောင်ကုကလဲကျသွားပြီဖြစ်သည်။
သွေးအဆက်မပြတ်ထွက်နေသည့်ဓားဒဏ်ရာကိုကြည့်ခြင်းဖြင့် ဓားနဲ့အထိုးခံလိုက်ရသည့်အချိန်က အတော်ကြာပြီဟုခန့်မှန်း၍ရသည်။ ကိုယ်တွင်းကလီစာများနှင့်လွတ်သော်လည်း ကြာရင် သွေးထွက်လွန်ပြီးတစ်ခုခုဖြစ်သွားနိုင်သည့်ဂျောင်ကုက ဒီဓားဒဏ်ရာနှင့်ပင် ဟိုဆော့ဆီအရောက်လာခဲ့မှုအပေါ် သူ့မှာတအံ့တဩဖြစ်ရသည်။ မထင်မှတ်ထားသော ဆိုးရွားမှုအခြေအနေကြားတွင် ဟိုဆော့အပေါ် ဂျောင်ကု၏အလေးအနက်ထားမှုကို သူ တိကျရှင်းလင်းစွာ မြင်ခွင့်ရလိုက်၏။
"အဆင်ပြေသွားမှာပါ၊ အရမ်းကြီးမစိုးရိမ်နဲ့"
ပါးပြင်ထက်မှသွေးစွန်းတွေကို လက်ကိုင်ပုဝါနှင့်အားမပါစွာသုတ်နေသည့်ဟိုဆော့၏ပုခုံးတစ်ဖက်ကိုဖျစ်ညှစ်လိုက်ကာ ယိုဟန် နှစ်သိမ့်ပေးမိသည်။
ခွဲစိတ်မှုသည်တစ်နာရီကြာသွားသော်လည်း ဂျောင်ကု၏အခြေအနေနှင့်ပတ်သတ်၍ တိကျသောအဖြေကိုမကြားရသေးပေ။ ဦးနှောက်နှင့်အာရုံကြောနှင့်မသက်ဆိုင်သည့်ခွဲစိတ်မှုအတွက် သူတို့တွင် အားလုံးအဆင်ပြေပြေနှင့်ပြီးဆုံးသွားဖို့ ဆုတောင်းရန်သာ တတ်နိုင်သည်။
"ငါ့ကြောင့်...ငါ့ကြောင့်နဲ့"
တိုးညှင်းသောဟိုဆော့၏လေသံဟာ မသဲကွဲ။ အယူကြီးသည်ဆိုဆို၊ သာမာန်ကမာခွံဖြူလေးဟာ ချစ်ခြင်းမေတ္တာတရားတို့အရင်းခံထားသည့်အခါ ဘဝတစ်ခုလုံးကြိုးကိုင်လှုပ်ရမ်းပစ်နိုင်သည့်အရာလေးတစ်ခုပင်။