နိုးထလာသည့်အသိစိတ်တွင် ညကအမူးသမားလေးအကြောင်းကိုပထမဆုံးစဉ်းစားမိပြီး မနက်ခင်းလေးကို ဟိုဆော့ အပြုံးတစ်ခုဖြင့်ဖွင့်လှစ်လိုက်၏။
ခန္ဓာကိုယ်ကိုဘေးစောင်းလိုက်တော့ ညအမူးသမားလေးက ပက်လက်အနေအထားဖြင့် အိပ်ပျော်နေလျက်။ အနီးကပ်မြင်ရလိုက်သည့်အခါမှသာ ဂျောင်ကု၏ဘယ်ဘက်ပါးပြင်ထက်မှ မထင်မရှား အမာရွတ်သေးသေးလေးကို တွေ့လိုက်ရသည်။ ထိုနေရာကို လက်ညိုးနှင့်ခပ်ဖွဖွတို့ထိမိတော့ ဂျောင်ကုက လူးလွန့်လာကာ သူ့ဘက်လှည့်လာသည်။
ညလယ်လောက်က သူ့ဘာသာသူ ရှပ်အင်္ကျီကိုဆွဲချွတ်လိုက်သည့်ဂျောင်ကုက အခုတော့အေး၍ဖြစ်မည်၊ စောင်ကို နားရွက်နားထိ ရောက်အောင်ပင် အတင်းဆွဲခြုံနေသည်။ အခုလောက်ဆိုနိုးနေပြီဖြစ်ပေမယ့် ပေကပ်အိပ်နေသည့်အမူးသမားလေးကိုနှိုးမယ်ကြံကာမှ ဂျောင်ကုက သူ့ဘာသာသူ မျက်လုံးဖွင့်လာသည်။ ညကလို့မှိုင်းရီမနေပဲ ကြည်လင်နေတဲ့မျက်လုံးတွေက သူ့ကိုခေတ္တမျှစိုက်ကြည့်နေပြီးမှ ခပ်ပါးပါးပြုံးပြ၏။
"နိုးပြီဆို ထတော့"
ဟိုဆော့ ထထိုင်လိုက်ပြီးမကြာခင် ဂျောင်ကုကလည်း ထလာသည်။ ကိုယ်ပေါ်ခြုံထားသည့်စောင်ကလျှောကျပြီး ကိုယ့်အခြေအနေကိုယ်မြင်လိုက်ရသည့်ဂျောင်ကုတစ်ယောက် အားခနဲအော်ချလိုက်သည်ကြောင့် ဟိုဆော့ပင် အလန့်တကြားလှည့်ကြည့်မိသည်။ မျက်လုံးဝိုင်းတွေက တစ်ခုခုကိုလန့်သွားသလို ပြူးကျယ်နေပြီး လက်နှစ်ဖက်ကို သူ့ရင်ဘက်နှစ်ဖက်ကို ကာထားသည့်ဂျောင်ကုကိုကြည့်ကာ ဟိုဆော့မှာအထူးအဆန်း။
"ဘာဖြစ်တာလဲ"
ဟိုဆော့ မေးတာကိုချက်ချင်းမဖြေသေးပဲ ဂျောင်ကု၏မျက်လုံးတွေက ကြယ်သီးသုံးလုံးပြုတ်နေသည့်ဟိုဆော့၏ရှပ်အင်္ကျီဆီရောက်သွားတာကြောင့် ဟိုဆော့ပင် ကိုယ့်ကိုယ်ကိုပြန်ငုံ့ကြည့်မိသည်။
"ဘာဖြစ်နေတာလဲလို့!"
"ဟို...ဟို"
ဟိုဆော့၏လေသံက စိတ်မရှည်စွာမာကျောသွားသည့်တိုင် ဂျောင်ကုမှာတော့ ပြန်ဖြေရန် အထစ်ထစ်အအအဖြစ်နေဆဲ။