မှားယွင်းသောဖြစ်တည်မှု (၃)

47 1 0
                                    

မိသားစု သူငယ်ချင်းမှတစ်ပါး အပြင်လူတစ်ဦးတစ်ယောက်နဲ့ဖြစ်တည်မယ့် ချစ်ခြင်းဆိုတာ ဘာမှန်းမသိသေးတဲ့ ကျွန်တော့်အတွက် ရင်ခုန်ခြင်းဆိုတာ နှလုံးခုန်တာနဲ့အတူတူ‌လောက်ပဲလို့ ထင်ခဲ့တာ။

ကိုးတန်းအရွယ် ရွယ်တူကလေးတွေ ရည်းစားခိုးထားတဲ့အခါ ဆရာမတွေမိသွားတဲ့အခါ သတိပေးခံရတဲ့အဖြစ်အပျက်တွေက လူပျိုအပျို၀င်စ ကျွန်တော်တို့အတွက်ထူးဆန်းမနေ။

နေ့တိုင်း အတွဲမိလိုက် မိဘခေါ်လိုက် ပြန်တွဲလိုက် ပြန်မိလိုက်နဲ့ပင် သံသရာလည်နေတတ်သည်။

ထိုသံသရာထဲ ကျွန်တော်ပါလာမယ်လို့ အိပ်မက်တောင်မမက်ဖူးပေမယ့် ထိုမမက်ဖူးတဲ့အိပ်မက်က ကိုးတန်းစာသင်နှစ်စတက်ပြီး တစ်ပတ်အကြာမှာစတော့သည်။

"ကျောင်းသူအသစ် ပယင်းငယ် တဲ့ သူငယ်ချင်းကို စာကူးပေးလိုက်ကြဦး"

ဆရာမရဲ့ကျယ်လောင်တဲ့ အသံအဆုံး ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ကျွန်တော့်ရဲ့ တည့်တည့်မှာရပ်နေသော သူမက ကျွန်တော့်အနောက်တန်းမှာ လာထိုင်သည်ကိုမှတ်မိသေးသည်။

တစ်သက်လုံး ဘယ်တော့မှမရတဲ့ စာ‌တွေကျက်လိုက် သူငယ်ချင်းတွေနဲ့ပဲ ဘောလုံးကန်လိုက်နဲ့ အချိန်ကုန်တတ်သည့် မိန်းကလေးသူငယ်ချင်းဟု၍ ရေရေရာရာမရှိသော ကျွန်တော့်အတွက် သူမက အသစ်အဆန်းတစ်ခုလိုပင်။

ဖြူဖွေးသောအသား အညိုဖျော့ဖျော့မျက်လုံးတွေနဲ့ ကျောလောက်ရှိတဲ့ဆံနွယ်အကောက်တွေက သူမကို နာမည်ကြီးအောင်ပြုလုပ်ပေးနေသလိုပင်။

ကျောင်းစပြောင်းလာကတည်းက အတန်းတူတွေကြားမှာရော အတန်းကြီး‌တွေ အတန်းငယ်တွေကြားမှာရော နာမည်ကြီးပြီး လူတိုင်းသဘောကျတဲ့သူမက ဆံပင်ခပ်ပွပွ တရုတ်ကပြားမျက်နှာပေါက်နဲ့ ဆော့တဲ့အချိန်ကလွဲလို့ ချောင်ကပ်နေတတ်သော ကျွန်တော့်ကို သတိထားမိခြင်းက ကျွန်တော့်အတွက်အထူးတဆန်းဖြစ်လာသည်။

လှလှပပမိန်းကလေးမျိုးနဲ့ ကျွန်တော်မပေါင်းဖူးသလို ပေါင်းချင်စိတ်လဲမရှိတာကြောင့် ကိုယ့်ဟာကိုယ်နေရာကနေ သူမနဲ့ သူငယ်ချင်းဖြစ်ဖို့အကြောင်းဖန်လာခဲ့သည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now