အသေးမွှားဆုံးသော အစိုင်အခဲ (၇)

29 1 0
                                    

"ဟိုနှစ်ယောက်က ဘာတွေတိုင်ပင်စရာများနေတာလဲ"

Chemistry ဆရာရဲ့အသံက ဟိန်းကနဲထွက်လာသည်။ ဟုတ်တယ်။စာသင်နေရင်း ကျွန်တော်တို့စကားများနေတာကို သူမိသွားတာ။

မှိုင်းရော ကျွန်တော်ရော လေပေါနေရာကနေ ဇက်ကလေးတွေပုသွားပြီး ဆရာစာသင်တာကို အာရုံပြန်စိုက်လိုက်ရသည်။

ကိုးတန်းကျူရှင်အိမ်ရဲ့ ၁၀ပေလောက်ပဲရှိတဲ့ အခန်းငယ်လေးတွေထဲက တစ်ခန်းမှာ ကျွန်တော်တို့ကျောင်းသူကျောင်းသား ၁၂ယောက်လောက် ပြွတ်သိတ်ပြီးသင်ရသည်။‌ ‌နွေရာသီကျောင်းပိတ်ရက်ပေမယ့် မနက်ကိုးနာရီကနေ နေ့လည်နှစ်နာရီအထိ ကျောင်းတက်သကဲ့သို့ ကျူရှင်တက်ရသည်။

ကျောင်းစာဆိုတာ ကျွန်တော်နဲ့ ဘာမှမဆိုင်တဲ့အရာတစ်ခုလိုပါပဲ။ စာသာမလုပ်လို့ရမယ်ဆို ကျန်တာဘာလုပ်ခိုင်းလုပ်ခိုင်းပျော်ပျော်ကြီးလုပ်မယ့်ထဲ ကျွန်တော်ပါသည်။ မြန်မာနိုင်ငံမှာသာ အနုပညာကျောင်း အားကစားကျောင်းတွေ ဖြစ်ထွန်းနေရင် ကျွန်တော် ဒီအခန်းပေါက်စလေးထဲ စိတ်ဆင်းရဲစွာနေ့တိုင်းစာသင်နေရမည်မဟုတ်ပါ။ နိုင်ငံကိုပဲ အပြစ်တွေတင်နေမိသည်။

စိတ်ပျက်စရာကောင်းတဲ့ကျူရှင်မှာ ပျော်စရာကောင်းအောင်ဖန်တီးပေးတာကတော့ မှိုင်းမင်းအိမ်ဆိုတဲ့ ဂြိုလ်သားဖြစ်သည်။ စာသင်တဲ့အချိန်ရော စာမသင်တဲ့အချိန်မှာပါ ကျွန်တော့်ကို အပြည့်အ၀ အတန်းရှင်းပေးတဲ့ ဂြိုလ်သား။ အရင်က သူ့အနောက်မှာထိုင်ရင်းကနေ အခုတော့ သူ့ဘေးမှာထိုင်ရသည်။ မထိုင်မခြင်းရစ်တဲ့ဒဏ်ကို ကျွန်တော်မခံနိုင်။ ကျောပူတာခံနိုင်တယ် နားပူတာမခံနိုင်ဘူး ဆိုတဲ့စကားပုံက ကျွန်တော့်ကြောင့်ထွက်ရှိလာပုံပေါ်သည်။

ဆယ်တန်းကျူရှင်စတက်မှ သူနဲ့တွေ့ပြီးခင်တာဖြစ်ပြီး ပထမတစ်လမှာကတည်းက တော်တော်ရင်းနီးသွားလောက်အောင် ဒီကောင်က ခင်မင်ဖို့ကောင်းသည်။

စတွေ့ကတည်းက ကျွန်တော့်ထက် အကောင်နည်းနည်းကြီးပြီး မဆိုသလောက်အရပ်ရှည်တဲ့ မှိုင်းမင်းအိမ်က လေးထောင့်ကျကျမျက်မှန်ကိုတပ်ထားရသေးသည်။ ကျူရှင်အိမ်နဲ့ ကျွန်တော့်အိမ်ကနီးသလို သူ့အိမ်ကလဲ ကျွန်တော့်အိမ်နဲ့ နှစ်လမ်းအကွာလောက်တွင်ရှိသည်။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now