မှားယွင်းသောဖြစ်တည်မှု (၄)

35 1 0
                                    

ယင်းလက်ကိုဆွဲမိတဲ့ နောက်ရက်မှာ ယင်းက ကျွန်တော့်ရင်ခုန်သံတွေကိုရိပ်မိလာလားမသိ။ သူမလက်ကို ကျွန်တော်ကိုင်တယ်ဆို‌တဲ့အကြောင်း သူများတွေကိုသွားပြောမယ်ဆိုလို့ သူ့ကိုကြိုက်နေတဲ့ကောင်တွေရန်ရှာတာမခံရဖို့အရေး ကျွန်တော့်မှာ မနည်းတားရသည်။

နောက်ဆုံးတော့ သူမဆီ သုံးရက်ကျွန်ခံပါမည်ဟူ၍ အပေးအယူလုပ်လိုက်ရသည်။ ကျွန်တော့်ကိုခိုင်းရလို့ ပျော်နေတဲ့သူမက ကျွန်တော်မလုပ်ပေးချင်လို့ပတ်ပြေးတိုင်း မရရအောင်လိုက်ရှာပြီး သူ့ခြင်းတောင်းကိုင်ခိုင်းကာ သူ့ကျောင်းကားအထိလိုက်ပို့ခိုင်းသည်အထိ ကျွန်တော့်ကိုအပြစ်ပေးတတ်သေးသည်။

ကျွန်တော်လဲ အခုမှရင်ခုန်ဖူးတဲ့ဆယ်ကျော်သက်ပီပီ ထိုခံစားချက်တွေကို သဘောတကျနဲ့ သူမဘေးမှာပျော်ရွှင်နေခဲ့သည်။

သူမက အပေါင်းအသင်းများတဲ့အလျောက် တစ်ခန်းလုံးနဲ့စကားပတ်ပြောပြီးတာနဲ့ နောက်ဆုံး ကျွန်တော့်ဘေးခုံမှာဖြစ်ဖြစ် ကျွန်တော့်နောက်ခုံမှာဖြစ်ဖြစ် ကျွန်တော့်ဆီရောက်လာရင်းနဲ့ပဲ အဆုံးသတ်သည်။

ရှက်နေတာနဲ့တင် ဘာမှအလုပ်မဖြစ်တဲ့ကျွန်တော့်ဆီက စကားတွေကို သူမကစောင့်နေပုံမပေါ်ပါ။ ကျွန်‌တော်ကြိုက်တဲ့အစားအစာတွေအကြောင်း ကျွန်တော်ကြိုက်တဲ့အနုပညာရှင်တွေ‌အကြောင်း သူမကမေးနေတတ်သည်။

"အဲ့တာတွေသိပြီး နင်ကဘာလုပ်မလို့လဲ" လို့မေးတိုင်း "သိချင်လို့လေ မရဘူးလား" ဆိုပြီး စူပုတ်ပုတ်လေးလုပ်တတ်သေးသည်။ ထိုအခါတွင်တော့ မနေနိုင်မထိုင်နိုင် ကျွန်တော်ကပဲ "အေးပါ မေးချင်တာသာမေး" ဆိုပြီး မသိမသာပြန်ချော့ရသည်မှာ အချိန်တိုင်းလို။

ကံကြမ္မာကပဲ သက်သက်ဖန်တီးလေသလားမသိပေမယ့် လပတ်စာမေးပွဲဖြေတဲ့အခါ ခုံနံပါတ်ဝေးတဲ့သူမနဲ့ကျွန်တော်က ဘေးချင်းယှဉ်ရက် အတူတူထိုင်ရသည်။ တစ်ဖြည်းဖြည်းကျယ်လောင်လာတဲ့ ရင်ခုန်သံတွေကို တားမြစ်ဖို့ရာ နားပိတ်ပြိးတရားမှတ်ခြင်းကပဲ ကျွန်တော့်ကို အကူအညီပေးသည်။

သူမနဲ့ ကျွန်တော် စကားနိုင်လုတိုင်း သူမမကျေနပ်ရင် စာအုပ်နဲ့ကျွန်တော့်ပုခုံးကိုရိုက်သွားတဲ့အချိန်မျိုး ခပ်တိုတိုခပ်ပွပွကျွန်တော့်ဆံပင်တွေကို သူမလက်နဲ့ဖွလိုက်တဲ့အချိန်မျိုး ကျွန်တော်ထိုင်တဲ့ခုံအရှေ့လာထိုင်ကာ နောက်ပြန်လှည့်ပြီး ကျွန်တော်ဘာလုပ်လုပ်ထိုင်ကြည့်နေတဲ့အချိန်မျိုးမှာ ဗြောင်းဆန်နေတတ်တဲ့ကျွန်တော့်ရင်ခုန်သံကို တားဖို့ရာ ယောက်ရက်ခက်နေတဲ့ကျွန်တော့်ကို သူမက သဘောတကျကြည့်နေတတ်သေးသည်။ ကျွန်တော်သဘောကျနေတာကို သူမ သိလေသလားလိူ့ တွေးမိလောက်အောင်ပါပဲ။

'သူပိုင်ဆိုင်သော ကျွန်တော့်ဘဝ၏ တစ်စိတ်တစ်ပိုင်း'Where stories live. Discover now