Chapter 5.1(U)

998 158 0
                                    

နောက်ဆုံးတော့ ယန်ရီရှီးက ကလေးငယ်ကို အိမ်ထဲဝင်ခိုင်းလိုက်၏။ အိမ်ခြံမြေမန်နေဂျာတွေက အတော်လေးလုံ့လဝီရိယ ရှိပုံရသည်။ သူဘေလ်ပေးဆောင်ပြီး မကြာမီပင် မီးပြန်လင်းလာခဲ့သည်။

နှစ်ယောက်သား ဆို‌ဖာပေါ်မှာ ထိုင်လိုက်ပြီး ကလေးငယ်၏မျက်လုံးများကို ပွတ်လိုက်ရာ ယန်ရီရှီး အနည်းငယ်ရယ်မောကာ စိတ်ဆင်းရဲသွားသလို ခံစားလိုက်ရသည်။

"ဘာလို့ အမှောင်ကို ကြောက်တာလဲ?"

"အမှောင်ကို ကြောက်တာမဟုတ်ဘူး"
ကလေးငယ်က နာခံစွာဖြင့် ခေါင်းမော့လိုက်ပြီး ယန်ရီရှီးက သူ့မျက်နှာကို သုတ်ပေးလိုက်၏။

"အမှောင်ထဲမှာ တစ်ယောက်တည်းရှိနေတာကို ကြောက်တာ"

"အရင်က တစ်ခုခုဖြစ်ခဲ့လို့လား"
ယန်ရီရှီး အနည်းငယ်အံ့အားသင့်သွားသည်။

ကလေးက ခေါင်းညိတ်ပြပြီး အတိုချုံး ရှင်းပြ၏။

အသက်ငါးနှစ်အရွယ်မှာ မိဘတွေကွာရှင်းပြတ်စဲပြီးနောက် လင်းရှန့်သုန်းကသူ့အမေနှင့်အတူ နေထိုင်ခဲ့သည်။ တစ်ကိုယ်တည်းမိဘ အုပ်ထိန်းမှုက မလွယ်ကူပေ။ ချန်ချင်းက အစပိုင်း၌ သူမ၏သားကို နေ့တိုင်းအလုပ်ကိုခေါ်လာခဲ့ပေမယ့် သူမ၏လုပ်ဖော်ကိုင်ဖက်များက အတင်းအဖျင်းပြောသောကြောင့် တစ်နှစ်ထပ်မပိုဘဲ ရပ်လိုက်ရသည်။

လင်းရှန့်သုန်း အသက်ခြောက်နှစ်အရွယ်ကတည်းက သူ့ဘာသာသူ သူငယ်တန်းကျောင်းကို တစ်ယောက်တည်း သွားနိုင်လေ၏။ အိမ်နီးချင်းတွေကလည်း ဝိုင်းကူညီပေးကြသည်။ ကလေးငယ်က အရမ်းကိုချစ်စရာကောင်းပြီ လိမ္မာရေးခြားရှိတာကြောင့် သူတို့ကမကြာခဏ ညစာစားဖို့ ခေါ်ကြပြီး သူ့အမေအလုပ်က ပြန်မလာမချင်း သူ့ကိုနေခွင့်ပေးကြသည်။ အကယ်၍ချန်ချင်းက အရမ်းနောက်ကျနေရင် သူတို့က လင်းရှန့်သုန်းကို အိမ်ပြန်ပို့ပေးလေ၏။ ကလေးငယ်က သူ့ဘာသာသူအဆင်ပြေတယ်ဆိုတာကို အရွယ်နဲ့မလိုက်အောင် စိတ်ချယုံကြည်ရလောက်သည်။

အသက်ခုနစ်နှစ်အရွယ်မှာ သူ့အမေက ရာထူးတိုးအတွက် ရွေးချယ်ခံရပြီး အရင်ကထက် အလုပ်များလာခဲ့သည်။ တစ်ညနေခင်းမှာ သူမကညစာစားရန် အိမ်ပြန်နိုင်ခဲ့သော်လည်း မရှေးမနှောင်းပင် အလုပ်ကပြန်ခေါ်ခဲ့သည်။ လင်းရှန့်သုန်းက အိမ်စာတွေပြီးသွားတော့ နာခံစွာပင် အိမ်ရာဝင်ခဲ့သည်။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)जहाँ कहानियाँ रहती हैं। अभी खोजें