Uni
"ရော့... ဒါတွေသယ်ခဲ့"
လက်တစ်ပွေ့စာလောက်ရှိသည့် ဉာဏ်ရိုးအထုံးကြီးများကို သယ်ခိုင်းနေတာမို့ ထွန်းရန်နောင်နဲ့ မြတ်မင်းခန့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
"ငါတို့နှစ်ယောက်ကိုပြောနေတာလား"
အထွန်းက သေချာအောင်လို့ပြန်မေးသည်။
"ငါတို့နဲ့တူတူလာတာ နင်တို့နှစ်ယောက်ပဲရှိတာလေ.... နင်တို့ကိုမပြောလို့ ငါကဘယ်ကကူလီထမ်းသမားကိုပြောရမှာလဲ"
ရည်းစားလက်ကလေးတွဲပြီး ဘုရားဖူးရမလား အောက်မေ့ပါတယ် လူတစ်ရပ်စာလောက်ရှိသည့် ဉာဏ်ရိုးများကို သယ်ခိုင်းနေတာကြောင့် မြတ်မင်းခန့်တို့နှစ်ယောက် မှန်းချက်နှင့်နှမ်းထွက် မကိုက်ဖြစ်နေသည်။
"ဒီလောက်အများကြီး လိုလို့လား"
"စကားရှည်မနေနဲ့ နင်တို့သယ်မှာလား မသယ်ဘူးလား"
နှစ်ယောက်စလုံး ကိုယ့်ရည်းစားကို မလွန်ဆန်နိုင်သူတွေဖြစ်တာကြောင့်
"သယ်ပါ့မယ်"
ဟူသောစကားသာ ပြိုင်တူထွက်မိသည်။
ဉာဏ်ရိုး ဆိုတာကို အနီးစပ်ဆုံးပြောရရင် အခွံနွှာထားသော ကြံချောင်းများနဲ့ အလားသဏ္ဍာန်တူသည်။ အရှည်က လူတစ်ရပ်နီးပါး သို့မဟုတ် လူတစ်ရပ်ကျော်သည်။ သို့သော် ကြံချောင်းများလိုတော့ မလေး။ ဖော့တုံးကဲ့သို့ ပေါ့ပြီး အသားကပွရောင်းရောင်းဖြစ်သည်။
အတိုအရှည်မညီမတာကြောင့် သယ်ရသည့်သာခက်တာ အလေးချိန်ကတော့ ပေါ့ပါးပြီး ကလေးငယ်များပင် သယ်ဆောင်နိုင်သည်။
မေ၀သုန်နဲ့စောယု ၀ယ်ထားသော ဉာဏ်ရိုး အစည်းများကို မြတ်မင်းခန့်တို့ နှစ်ယောက် တစ်ယောက်တစ်၀က်ခွဲသယ်လိုက်သည်။
၀န်သာကျယ်တာ သယ်ရသည့်ကပေါ့ပေါ့ပါးပါး။ မြတ်မင်းခန့်တို့ နှစ်ယောက်လုံး ခွန်အားဗလရှိသူများမို့ လက်တစ်ဖက်ဖြင့် အသာလေးသာ သယ်လိုက်နိုင်သည်။
"သွားမယ်"
မေ၀သုန်ကသွားမယ်ဆိုတာကို သိပ်မယုံချင်၍ မြတ်မင်းခန့်က ထပ်မေးသည်။
YOU ARE READING
မင်းရှိတဲ့မြို့ {OC} [Completed]